စိုင်းဇော်လတ်(လင်းခေး)

 

မြန်မာနိုင်ငံ ရှမ်းကုန်းပြင်မြင့်ရှိ ဒေသအချို့တို့တွင် ရှမ်းတိုင်းရင်းသားလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးစုအချို့တို့သည် မြင့်မားသော တောင်ပေါ်၊ တောင်ကုန်းနေရာတို့၌ အများအားဖြင့် ရွေးချယ်အမှီပြုနေထိုင်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိရသည်။

 

ထို့ကြောင့် ရှမ်းတိုင်းရင်းသားတို့အခေါ် “တိုင်းလွိုင်” မြန်မာဘာသာအားဖြင့်တောင်ပေါ်ရှမ်း တစ်နည်းအားဖြင့် မြင့်မားသော တောင်ပေါ်ဒေသနေရာတို့တွင်သာရွေးချယ်နေထိုင်လေ့ရှိကြသော ရှမ်းလူမျိုးများအချို့နှင့် အခြားတိုင်းရင်းသားလူမျိုး“တိုင်းလွိုင်”တို့အကြောင်း သိကောင်းစရာအဖြစ် ဖော်ပြရေးသားလိုက်ရသည်။ ရှမ်း ပြည်နယ်၏ ကျယ်ပြန့်သော ပထဝီဒေသန္တရအနေအထားအရ စာရေးသူတို့နေထိုင်ရာရှမ်းပြည်နယ်တောင်ပိုင်း နယ်နိမိတ်ပတ်ဝန်းကျင် တောင်ပေါ်ဒေသ အချို့သောတောင်ကုန်းများသည် အမြင့်ပေ ၂၀ဝဝ ကျော်မှ ပေ ၆၀ဝဝ ကျော်အထိ မြင့်မားသောတောင်တန်းများစွာတည်ရှိသည်။ ထိုနေရာတို့၌ တိုင်းလွိုင်တို့ အများဆုံးနေထိုင်လျက်ရှိကြသည်။

 

“တိုင်းလွိုင်”ဆိုသည်မှာ ရှမ်းတိုင်းရင်းသား လူမျိုးများရှိသကဲ့သို့ အခြားဒေသတို့၌ တောင်ပေါ်နေ ပအိုဝ်း၊ လီဆူ၊ အာခါ၊ တောင်ရိုး၊ လားဟူနှင့် ဓနု၊ ပလောင်စသည့်တိုင်းရင်းသားလူမျိုးများလည်း ထိုနည်းတူစွာရှိကြသည်။ ထိုသို့နေထိုင်ကြသည့်တိုင်းရင်းသားလူမျိုး အသီးသီးရှိကြသည့်အနက် စာရေးသူတို့ နေထိုင်ရာဒေသလင်းခေးဒေသနှင့် အနီးပတ်ဝန်းကျင် မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန် ဒေသတို့တွင်ယင်းတောင်ပေါ်ပျော် ရှမ်းတိုင်းရင်းသားလူမျိုးများနှင့်အခြားလူမျိုးစုတို့ကို မြို့နေလူမျိုးအများစုက “တိုင်းလွိုင်” သို့မဟုတ် ကွမ်းလွယ်ဟု သမုတ်ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပေသည်။ သို့သော် “တိုင်းလွိုင်”ဆိုသည်မှာ သီးခြားလူမျိုးစုများမဟုတ်ပေ။၎င်းတို့အား မြေပြန့်နေသူရှမ်းလူမျိုးများနှင့်တိုင်းရင်းသားအချင်းချင်းတို့က ပြောဆိုကြသော ရှမ်းဘာသာစကားတစ်မျိုးသာဖြစ်သည်။

 

ကြားဖူးသူတို့အတွက် မထူးဆန်းပါသော်လည်း ၎င်းတို့အားတစ်ကြိမ်တစ်ခါမျှမမြင်တွေ့၊ မကြားဖူးသေးသောသူတို့အနေဖြင့် “တိုင်းလွိုင်”ဟူသည် သီးခြားတိုင်းရင်းသားလူမျိုးတစ်မျိုးဟု ယူဆထင်မှတ်နိုင်ဖွယ်ရာဖြစ်သော်လည်း တောင်ပေါ်သား”ဟု ဆိုလိုခြင်းဖြစ်သည်။

 

စာရေးသူတို့နေထိုင်ရာ လင်းခေးဒေသအတွင်းတွင် လွိုင်လုံ(ပန်တဝိ)ကျေးရွာ၊မွန်းလှ၊ မိုက်ဟုန်း၊ ပန်ဆွမ်၊ နမ့်သယ်၊ ပန်စန့်၊ပုန်းလောင်း၊ နမ့်မခိုက်၊ ဆံပူးကျေးရွာနှင့်ဟွေနိမ်ကျေးရွာတို့သည် တိုင်းလွိုင်တို့အများဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ၎င်းအပြင် လင်းခေးခရိုင်မိုင်းပန်(လွိုင်လုံပန်ပိတောင်) မောက်မယ်မြို့နယ် ဂဒူးလေး၊ဂဒူးကြီး၊ ဟိုနမ့်၊ နမ့်လွတ်နှင့် ဆီဆိုင် (ဆိုင်းခေါင်ကျေးရွာ)အနီးပတ်ဝန်းကျင်တောင်ပေါ်အချို့တို့တွင်လည်း တိုင်းလွိုင်တို့နေထိုင်လျက်ရှိကြသည်။ “တိုင်း”ဆိုသည်မှာ ရှမ်းဟု အဓိပ္ပာယ်ရပြီး “လွိုင်”ဆိုသည်က တောင်ကို ခေါ်သည်။တောင်ပေါ်နေသော ရှမ်းလူမျိုးစုအချို့နှင့် အခြားလူမျိုးစုများအားလည်း အများစုက ဒေသန္တရအရ တိုင်းလွိုင်ဟုသာပြောဆိုခဲ့ကြခြင်းဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။

 

ထို့ကြောင့် စာရေးသူသည် တိုင်းလွိုင်တို့နေထိုင်ရာဒေသနှင့်အများအားဖြင့် ကူးသန်းရောင်းဝယ်မှု ပြုတတ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့၏(ငါးရက်တစ်ဈေး)ဈေးနေ့တစ်ရက်၌ တိုင်းလွိုင်တို့ သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားလျက်ရှိသောပုံရိပ်များအား သွားရောက်လေ့လာခဲ့ရသည်များမှ တစေ့တစောင်းရေးသားတင်ပြလိုပါသည်။ ရှေးခေတ်ရှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သည့်မြို့များ၌ မြို့ဈေးနေ့အား ငါးရက်တစ်ဈေးဟု သတ်မှတ်ခဲ့ကြသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ရှမ်းစော်ဘွားဈေးနေ့များအနက်မိုးနဲစော်ဘွားဈေးနေ့သည် အစည်ကားဆုံးဖြစ်သည်ဟု မိုးနဲဒေသခံများက ပြောကြားခဲ့သည်။

 

တိုင်းလွိုင် သို့မဟုတ် ကွမ်းလွယ်တို့၏အသက်မွေးဝမ်းကျောင်းနှင့်သဘာဝ

 

တိုင်းလွိုင်တို့သည် တောင်ပေါ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်းကို ပိုမိုနှစ်သက်ကြသည်။မြို့နှင့်ဝေးလံသောနေရာဒေသ တောင်ပေါ်နေတိုင်းရင်းသားများဖြစ်သောကြောင့် ကွမ်းလွိုင်ဟု အခေါ်ခံခဲ့ကြရသော်လည်း ကွမ်းလွယ်ဟုခေါ်ဆိုပါက ၎င်းတို့ မနှစ်သက်ကြပေ။သို့သော် မည်သို့ပင်ဆိုစေကာမူ ရှေးအစဉ်အဆက်အရ တိုင်းလွိုင်ဟုသာ အမည်တွင်ခဲ့ရသည်။ ကွမ်းလွိုင်တို့သည် အုပ်စုလိုက်သွားလာတတ်ကြသော ဓလေ့ရှိကြသည်။ အထူးသဖြင့်ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို စိုက်ပျိုး ရောင်းဝယ်သမှုပြုကြသည်။ မြို့၏ ငါးရက်တစ်ဈေးကို အားပြု၊ အားထားကြရသည်။ မိမိတို့တောင်ပေါ်ဒေသထွက် နှမ်း၊ ပြောင်း၊မြေပဲ၊ သခွား၊ မုန်လာ၊ မုန်ညင်း၊ ပဲအမျိုးမျိုး၊ ရာသီအလိုက်စိုက်ပျိုးကြသည့် ဟင်းသီးဟင်းရွက်များနှင့် ပန်းမန်အစုံတို့အပြင်နှစ်ရှည်သစ်သီးဝလံများဖြစ်သည့် သရက်၊ပိန္နဲ၊ ရှောက်ချို၊ လိမ္မော်၊ သံပရာ၊ သစ်တော်၊ပန်းသီး၊ မက်မန်းစသည့် တောင်ပေါ်ဒေသဖြစ်ထွန်းသော အခြားသစ်သီးဝလံအမျိုးမျိုးတို့ကို ထိုငါးရက်တစ်ဈေးသို့ လာရောက်ရောင်းချစီးပွားရှာလေ့ရှိကြသည်။ စိုက်ပျိုး သီးနှံတို့ကို သယ်ဆောင်လာကာ အဆိုပါဈေးနေ့အမီ ဈေးအဖိတ်နေ့များတွင်လာရောက် ရောင်းချကြရသည်။ ထို့နောက် မိမိတို့မိသားစုအတွက် ဆန်၊ ဆီ၊ ဆားနှင့်အဝတ်အထည်၊ လိုအပ်သောအခြားလူသုံးကုန်ပစ္စည်းများကို ထိုဈေးတစ်ပတ်စာ ဖူလုံစေရန်အပြည့်အစုံဝယ်ပြန်ကြရသည်။

 

အချုပ်အားဖြင့်ဆိုရသော် ရှေးဘိုးဘွားတို့ခေတ် အစဉ်အလာကတည်းက မြင့်မားသောတောတောင် တောင်ပေါ်ဒေသများတွင်သာမှီတင်းနေထိုင်လာခဲ့ကြသော တိုင်းလွိုင်တိုင်းရင်းသားလူမျိုးတို့သည် မြို့နေလူတန်းစားတို့၌ လိုအပ်လျက်ရှိသော တောင်ပေါ်ဒေသထွက် ဘူး၊ ဖရုံ၊ ငရုတ်၊ သခွား၊ မုန်ညင်း၊ မုန်လာနှင့်သစ်သီးဝလံ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်အစုံတို့ကို ငါးရက်တစ်ဈေးနေ့များတွင် ကျွန်းကိုင်းမှီဆိုသကဲ့သို့ ၎င်းတို့လာရောက်ရောင်းချကြခြင်းအားဖြင့် မြို့နေပြည်သူတို့အဖို့မိမိတို့မြို့တွင်းနေရာများတွင် မဖြစ်ထွန်းနိုင် သည့် ဟင်းသီးဟင်းရွက်သီးနှံများကိုလုံလောက်စွာ ဝယ်ယူစားသုံးနိုင်ကြသည်မှာတောင်ပေါ်ဒေသနေ တိုင်းလွိုင် ခေါ် ကွမ်းလွယ်တိုင်းရင်းသားလူမျိုးတို့၏ အကျိုးများစွာပင်ဖြစ်စေပါကြောင်းနှင့် ရှမ်းကုန်းပြင်မြင့် ဒေသတို့၌ အမှီသဟဲပြုနေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးစုအချို့တို့အား“တိုင်းလွိုင်”ဟု ခေါ်ဆိုသမုတ်ခဲ့ကြပါကြောင်းဒေသန္တရဗဟုသုတဖြစ်စေလိုခြင်းအကျိုးငှာဖော်ပြရေးသားလိုက်ရပါသည်။ ။