စိုင်းသာလှိုင်(လိမ္မော်မြေ)


ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပေါကြွယ်ဝလှသည့် မိမိတို့မြန်မာနိုင်ငံ တွင် ဆယ့်နှစ်လရာသီ၌ သက်ဆိုင်ရာရိုးရာပွဲတော်များကို သမိုင်းအစဉ်အဆက် ကျင်းပလာခဲ့သည်မှာ ယနေ့မျက်မှောက်ကာလတိုင်ပင်ဖြစ်သည်။ ဆယ့်နှစ်လ ရာသီပွဲတော်များအပြင် မိမိတို့ဒေသရှိ တန်ခိုးကြီးဘုရားများ၌လည်း ဘုရား ပွဲတော်များကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ ပျော်ပွဲ၊ ရွှင်ပွဲများ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသည်ကို နိုင်ငံတစ်ခွင် တွေ့မြင်နေရသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်သည် ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီအများအပြား တည်ထားကိုးကွယ်ရာဌာနဖြစ်သကဲ့သို့ နိုင်ငံကျော် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးပေါ်ကြိုဘုရားကြီးသည် သီပေါမြို့၏ အနောက်ဘက်ခြမ်း မန္တလေး - သီပေါ - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးနှင့် မီးရထားလမ်းအကြား ဒုဋ္ဌဝတီမြစ်မြောက်ဘက်အရပ်တွင် တည်ရှိသည်။


ပေါ်ကြိုဘုရားကြီးတွင် စေတီတော်နှင့် ရုပ်ပွားတော်များ ပေါင်း၍ ပေါ်ကြို ဘုရားဟု အများပြည်သူတို့သိရှိကြသော်လည်း စေတီတော်၏ ဒါယကာနှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ၏ ဒါယကာများမှာ တစ်ဦးစီဖြစ်ကြပြီး တည်ထား ကိုးကွယ်ထုလုပ်လှူဒါန်းခဲ့ကြသော နှစ်များမှာလည်း ကွာခြားလျက်ရှိသည်။ ပေါ်ကြိုဘုရား(မုဋ္ဌောစေတီတော်)၏ ဒါယကာမှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၃၄ နှစ်ကြာသောအခါ ပါဋထိပုတ်ပြည်ကြီးနှင့် ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို အစိုးရတော်မူသော သီရိဓမ္မာသောကမင်းကြီး ဖြစ်သည်။


တတိယသင်္ဂါယနာတင်ပြီးကာလ သာသနာတော်သက္ကရာဇ် ၂ဝဝ နှင့် ၃ဝဝ ကြားတွင် မုဋ္ဌောစေတီတော်ကို တည်ထားကိုးကွယ်ခြင်းဖြစ်ရာ ရှမ်း၊ ပလောင်၊ ကချင်၊ ဗမာ၊ မွန်၊ ရခိုင်စသည့် လူမျိုးများ၏ လုပ်အားဒါနဖြင့် တည်ထားခဲ့ခြင်းဖြစ်ပြီး စေတီတော်၏ ဘွဲ့တော်မှာ မုဋ္ဌောစေတီဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီးသည် စေတီတော်ကို ရေကန်အလယ်တွင် ရွှေ၊ ငွေ၊ ကြေး၊ အုတ်တို့ဖြင့် မြေစိုက်ပန္နက်တော်ချ၍ မွေတော်စစ်ကို ဌာပနာလျက် တည်ဆောက်ခဲ့ပြီး ဘွဲ့တော်ကိုလည်း မုဋ္ဌောစေတီဟု သမုတ်ခဲ့ပေသည်။ ပေါ်ကြိုဘုရားကြီးတည်ထားရာ နေရာသည် ဘုရားအလောင်း နုစဉ်ဘဝ ဝက်ဖြူမင်းဖြစ်စဉ် ရေအိုင်နေရာ၌ စေတီတော်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ် ပေသည်။


ဘုရားကြီး၏ မုခ်လေးမုခ်၌ ကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် များ၏ ဒါယကာမှာ ခရစ်နှစ် ၁၁၇၄ ခုနှစ် မြန်မာသက္ကရာဇ် ၅၃၆ ခုတွင် ပုဂံပြည့်ရှင်မင်း ယဉ်နရသိင်္ခ၏ညီတော် နရသူ၏သားတော် နရပတေ့စည်သူ မင်းကြီးဖြစ်သည်။


ဘုရားကြီး၏ မုခ်လေးမုခ်၌ တိုင်းရင်းသားများ ဆည်းကပ်ကိုးကွယ်နိုင်ရန် နှင့် ရှမ်းပြည်နယ်တစ်ခွင်သို့ နရပတေ့စည်သူမင်းကြီးက ဗုဒ္ဓလက်ဆောင်မွန် အဖြစ် သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်သန်၍ စံကားကိုးပိုင်း ဗုဒ္ဓ ရုပ်ပွားတော်များထုလုပ်လှူဒါန်းခဲ့ရာ ပေါ်ကြိုဘုရားကြီး၌ ကိုးကွယ်ပူဇော်ထား သော ဗုဒ္ဓရုပ်ပွားတော်များလည်း အပါအဝင်ဖြစ်ပေသည်။


ပေါ်ကြိုဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်က နှစ်စဉ်တပေါင်း လဆန်း ၇ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက်အထိ ကျင်းပခဲ့သည်။ ထို့နောက် ပွဲတော်ကို တပေါင်းလဆန်း ၁ဝ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက်အထိ ပြောင်းလဲကျင်းပခဲ့ရာ ယနေ့တိုင်အောင်ဖြစ်ပေသည်။


ဘုရားကြီးနှင့်ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီး (၆-၇-၂ဝ၁ဝ)ရက်က ပေါ်ကြိုဘုရားကြီးသို့ ကြွရောက်ခဲ့စဉ် ပေါ်ကြိုဘုရားကို ဘော်များကြိုချက် သွန်းလောင်းထားသဖြင့် ဘော်ကြိုဘုရားဟုခေါ်တွင်ခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့ပါသည်။ ပေါ်ကြိုဘုရား၏ ဘွဲ့တော်သည် ကာလရွေ့လျောလာသည်နှင့် အမျှ ပေါ်ကြိုမှ ဘော်ကြိုသို့ ပြောင်းလဲခဲ့သဖြင့် နားလည်မှုလွဲမှားစရာ ဖြစ်လာ ခဲ့ပါသည်။ ထို့ကြောင့် မူလဘွဲ့တော် ပေါ်ကြိုဟုသာ ခေါင်းစဉ်တပ်လျက် ပေါ်ကြိုဘုရားသမိုင်းကို ဂေါပကအဖွဲ့က ပြုစုပြီးဖြစ်ပါသည်။ (စကားချပ်)


ပေါ်ကြိုဘုရားကြီး၏ ထူးခြားမှုများအဖြစ် ပရိဝုဏ်အတွင်း အနောက် မြောက်ထောင့်၌ ပေါက်လျက်ရှိသောစံကားပင်မှာ စေတီတော်၏ပြာဿဒ် ထီးတော်အမြင့်ထက်သို့ မည်သည့်အခါမျှ တက်မသွားခြင်း၊ ဘုရားကြီး၏ အနောက်တောင်ထောင့်အရပ် နွင်စေတီတော်၏အောက်မှ ရေစီးဆင်းနေပြီး ဆယ့်နှစ်လရာသီရေထွက်ခြင်း၊ ၎င်းမှ ပေ ၂ဝဝ အကွာတွင် အုတ်ရေကန်တစ်ခု တည်ဆောက်ထားပြီး ယားယံဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ ရေကိုချိုး ခြင်း၊ မျက်စဉ်းခတ်ခြင်းဖြင့် ဝေဒနာပျောက်ကင်းခြင်း၊ ရေစင်ကိုဆောင်ထားပါက လာဘ်လာဘကောင်းမွန်ခြင်း၊ အန္တရာယ်ကင်းခြင်း၊ စေတီတော်၏မုခ်များတွင် ကိန်းဝပ်စံပယ်နေသော ရုပ်ပွားတော်များအား သီတင်းသုံးသည့်မုခ်များတွင်သာ အစဉ်အမြဲကိန်းဝပ်စံပယ်စေရခြင်း၊ ပင့်ဆောင်သောအခါ၌လည်း ရှေ့နောက် တွဲစဉ်များအတိုင်း ပင့်ဆောင်ရခြင်း၊ ဘုရားကြီးတောင်ဘက်မုခ်၌ ဘုရားအား မျက်နှာမူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု ငါးခုရှိခြင်း၊ ခေါင်းသုံးလုံးပါဧရာ ဝဏ်ဆင်နှင့် ကြေးရုပ်လူသား စသည့် ဘုရားကြီးနှင့်ပတ်သက်သော ထူးခြားမှု အများအပြားရှိပေသည်။


ရာသီဥတုသာယာလှပသောအခါ နွေဦးစ တပေါင်းလတွင် ပေါ်ကြိုဘုရား ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာလှပြီဖြစ်သည်။ ယခုနှစ် ပေါ်ကြိုဘုရား တပေါင်းပွဲတော်ကို ၁၃၈ဝ ပြည့်နှစ် တပေါင်းလဆန်း ၁ဝ ရက်မှ တပေါင်းလပြည့်နေ့ (မတ် ၁၅ ရက်မှ ၂ဝ ရက်)အထိ ခြောက်ရက်တိုင် ရှမ်းကဇာတ်၊ မြန်မာအငြိမ့်၊ ရိုးရာယဉ်ကျေးမှုပဒေသာကပွဲများ၊ စင်တင်တေးဂီတ နှင့် အခြားပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။


ဘုရားပွဲတော်သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ကလေးသူငယ်၊ လူငယ်တို့မှအစ သက်ကြီးရွယ်အိုများအထိ ကုသိုလ်ယူပါဝင်ဆင်နွှဲသည့်မြင်ကွင်းနှင့် ရှမ်း အိုးစည်၊ မောင်းဆိုင်းများ တီးခတ်ရင်း ရှမ်းတိုင်းရင်းသူ လှပျိုဖြူလေးများ၏ ရှမ်းကဟန်နှင့်အတူ ရိုးရာဓလေ့ထိန်းသိမ်းကြပုံတို့ကို အဆိုတော်ရုပ်ရှင် မင်းသားကြီး(ဦး)ဝင်းဦး သီဆိုခဲ့သည့် ''ပေါ်ကြိုသဘင်'' သီချင်းမှ စာသားလေး များက သက်သေပြနေဆဲပင်ဖြစ်သည်။


ပေါ်ကြိုဘုရားပွဲတော်သို့ ပြည်မဒေသမှ အဝတ်အထည်လူသုံးကုန်ပစ္စည်း များ လာရောက်ရောင်းချသည့်အပြင် ရှမ်းပြည်နယ် မြို့နယ်အသီးသီးမှလည်း ၎င်းတို့ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးချဉ်၊ ပုစွန်ချဉ်၊ မျှစ်ချဉ်၊ ရေညှိ၊ ပဲပုပ်၊ ရှမ်းငရုတ်၊ သစ်ကြမ်းပိုး၊ ဘူးခါး၊ ကရဝေး၊ ဂုံညင်း စသည့်ပရဆေးများကို လည်း နှစ်ခြိုက်စွာဝယ်ယူသည့် အလေ့အထကို နှစ်စဉ်တွေ့မြင်ရသည်။


ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအတိုင်း ဝတ်စားဆင်ယင်၍ ဘုရားပွဲတော်အတွင်း သွားလာလှုပ်ရှားနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်မှာ အရောင်အသွေးစုံ ပန်းခင်းကြီးအတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားရမည် ဖြစ်သည်။ဘာသာတရားကိုင်းရှိုင်းမှုနှင့် အလှူအတန်းရက်ရောမှုတို့တူညီသော် လည်း တိုင်းရင်းသားများက မိမိတို့ရိုးရာယဉ်ကျေးမှုဓလေ့များအတိုင်း ပေါ်ကြို ဘုရားပွဲတော်သို့ နှစ်စဉ်လာရောက်နွှဲပျော်နေသည့်အတွက် ပေါ်ကြိုဘုရား ပွဲတော်သည် တောင်ပေါ်မြေပြန့် ရိုးရာယဉ်ကျေးမှုဓလေ့များဆုံစည်းရာ ပွဲတော် တစ်ခုအဖြစ် အမြဲထာဝရရှင်သန်နေမည်ဖြစ်ကြောင်း တင်ပြရပါသတည်း။ ။