မိုင်းယောင်း   ၂  အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စုအတွင်းရှိ တောင်ပေါ်တိုင်းရင်းသားကျေးရွာများ၌ ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သိရသည်။

 

ထိုကဲ့သို့ သွားရောက်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ဝန်ထမ်းများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Facebook စာမျက်နှာမှ ကောက်နုတ်ချက်ဖြစ်သော “ခံနိုင်ရည် မွေးရမှာပါ”၊ “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ”၊ “သင့်မိသားစုကျန်းမာရေး စနစ်တကျလက်ဆေးပေး”၊ “ဆပ်ပြာနှင့် ရေကို အသုံးပြုလက်ဆေးခြင်းဖြင့် ကာကွယ်ပါ”၊ “ကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့”၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များအား ပိုစတာများနှင့်တကွ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ လူအသွားအလာများသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးပိုစတာများကပ်ခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း