မောင်တော ၂၂ ဒီဇင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၌ ယမန်နေ့နံနက် ၈ နာရီတွင် မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန်ခွာသူ အိမ်ထောင်စုတစ်စုမှ အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ခုနှစ်ဦး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စီစစ်လက်ခံဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများနှင့် လူဝင်မှုကြည့်ကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း စီစစ်မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ အိမ်တောင်စုတစ်စုမှ အသက် (၁၀) နှစ်အထက် အမျိုးသမီးနှစ်ဦးကို NV Card ထုတ်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ယင်းနောက် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/လက်ခံဆောင်ရွက်ကြပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှာ ယခင်နေရပ် မောင်တောမြို့နယ် အလယ်သံတောင်ကျေးရွာမှဖြစ်ကြပြီး သက်ဆိုက်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ မွန်းလွဲ ၁၂ နာရီခွဲတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)