မောင်တော ၁၈ ဒီဇင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်း၌ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုနှစ်စုမှ အမျိုးသား ၄ ဦး၊ အမျိုးသမီးမ ၅ဦး စုစုပေါင်း ၉ ဦးကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာရှာဖွေစစ်ဆေးမှုများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း စိစစ်မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ အိမ်ထောင်စု နှစ်စုမှ အသက် (၁၀) နှစ်အထက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၆ဦး ကို NV Card ထုတ်ပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေး စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းက လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်းလက်ခံကြပြီး ဆန်၊ ဆီ၊ ဆား ၊ ပဲ နှင့် မီးဖိုချောင်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှာ ယခင်နေရပ် မောင်တောမြို့ မြို့မအနောက်ရပ်ကွက်နှင့် ကျောက်ချောင်းအလယ်ရွာတို့မှ ဖြစ်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ မွန်းလွဲ ၁ နာရီခွဲတွင် လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။
( ခရိုင်ပြန်/ဆက်)