နေပြည်တော် မတ် ၉

 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြင့်သင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အဆိုပါသင်တန်းများတွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား သင်တန်းသူ ၆၇ ဦး၊ အင်္ဂလိပ်စကားပြော(အခြေခံ/အဆင့်မြင့်)သင်တန်းကို သင်တန်းသား သင်တန်းသူ ၅၁ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၈ ဦး၊ မြန်မာ့သိုင်းအခြေခံသင်တန်းကို သင်တန်းသား သင်တန်းသူ ၅၅ ဦးတို့ဖြင့် ဧပြီ ၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်