မတ္တရာ ၁၂ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာအုပ်စုတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ပြုံးပွဲတော်ကို ရထားဖြင့်သွားလာသော ခရီးသည်များ ယခင်နှစ်များထက် နည်းပါးလျက်ရှိကြောင်း သိရသည်။
တောင်ပြုံးပွဲတော်ရက်ဖြစ်သော ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည်နေ့အတွင်း သရဲဈေး၊ အိုးဘို၊ တောင်ပြုံး၊ မတ္တရာ (၄)ဘူတာသို့ တစ်နေ့လျှင် (၆)ကြိမ် ရထားပြေးဆွဲပေးလျက်ရှိရာ တောင်ပြုံးဘူတာမှ ရထားစီးနင်းသူဦးရေမှာ ဝါခေါင်လဆန်း ၈ ရက် ယခင်နှစ်တွင် ၄၀၃၀ ဦး ရှိသော်လည်း ယခုနှစ်တွင် ၂၃၆၁ ဦးသာရှိကြောင်း၊ ဝါခေါင်လဆန်း ၉ ရက်တွင် ရထားစီးနင်းသူ ဦးရေမှာ ယခင်နှစ်တွင် ၂၀၇၇ ဦးရှိပြီး ယခုနှစ်တွင် ၁၆၄၃ ဦးသာရှိကြောင်း၊ ဝါခေါင်လဆန်း ၁၀ ရက်တွင် ရထားစီးနင်းသူမှာ ၂၃၁၈ ဦးရှိပြီး ယခုနှစ်တွင် ၂၂၈၅ ဦးသာရှိကြောင်း၊ ဝါခေါင်လဆန်း ၁၁ ရက်တွင် ၇၆၃၀ ဦးရှိပြီး ယခုနှစ်တွင် ၆၃၁၈ ဦးသာရှိကြောင်း လက်ထောက် တိုင်းပို့ဆောင်ရေးမန်နေဂျာ ဦးနေလင်းအောင်ထံမှ သိရသည်။
“ရထားစီးရတာ ဈေးလည်းအရမ်းသက်သာတယ်။ ဆိုင်ကယ်နဲ့ ကားတွေနဲ့လာရင် လမ်းကြပ်တာတို့ နေပူတာတို့ ရှိတယ်။ ရထားနဲ့သွားရတာက ပျော်စရာလည်း ကောင်းတယ်။ အတွေ့ကြုံသစ်လည်းရတော့ ကျွန်တော်တို့ အနေနဲ့တော့ သဘောကျပါတယ်” ဟု မန္တလေးမှ တောင်ပြုံးနတ်ပွဲသို့ ရထားဖြင့် လာရောက်သူ ကိုပြည့်ဖြိုးအောင်က ပြောသည်။
“မိုးများပြီးရေကြီးတဲ့ သဘာဝဘေးတွေကြောင့်ရယ်၊ H1N1 ရောဂါကြောင့် တောင်ပြုံးပွဲတော် ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေကြောင့် နယ်ဝေးကလာတဲ့သူတွေ နည်းသွားတာကြောင့် အရင်နှစ်ကလောက် ပွဲလာသူတွေ နည်းတာလို့ ထင်ပါတယ်” ဟု ဦးကျော်ရင် ဆုတောင်းပြည့်၊ ဆုတောင်းရ ဂေါပကအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်ရင်မှ ပြောသည်။
မန္တလေး သရဲဈေးဘူတာမှ အဆန်ရထားသည် နံနက် ၆ နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ မနက် ၉ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၁၅ တွင် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီခွဲတွင် တစ်ကြိမ်နှင့် ည ၇ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ် အိုးဘို၊ တောင်ပြုံး၊ မတ္တရာဘူတာများသို့ ပြေးဆွဲပေးလျက်ရှိကြောင်း၊ တောင်ပြုံးဘူတာမှ အစုန်ရထားသည် နံနက် ၇ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၉ နာရီ ၅၂ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီ ၅၇ မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၄ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်နှင့် ည ၈ နာရီ ၁၇ မိနစ်တွင် တစ်ကြိမ် အိုးဘို၊ သရဲဈေးဘူတာများသို့ ပြေးဆွဲပေးလျက်ရှိကြောင်း၊ မန္တလေးမှ တောင်ပြုံးသို့ လက်မှတ်ခ ၁၀ဝ ကျပ် ကောက်ခံကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


