မန္တလေး  ၂၂ ဇူလိုင်


တောင်ပြုံးပွဲတော် အရပ်ရပ်ဆိုင်ရာ လေလံများချထားပေးရာ ယခင်နှစ်ထက်လေလံကြေးပိုရရှိကြောင်း တောင်ပြုံးပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။


မန္တလေးတိုင်ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုံးပွဲတော်နေရာ ၅ ခုအတွက် အခုလ ၁၈ ရက်က လေလံချထားခဲ့ရာ ငွေကျပ်သိန်း ၄၇၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ 


"လေလံကြေးက အရင်နှစ်ထက် သိန်း ၄၀ ကျော် ၅၀ လောက်ပိုရတယ်'' ဟု  တောင်ပြုံးပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော် ကပြောသည်။


ယခုနှစ်လေလံချထားပေးမည့် ကြမ်းခင်းဈေးများမှာ ဇာတ်ရုံနေရာတစ်ခုအတွက် ကျပ်သိန်း ၆၀၊ လျှပ်စစ်အတွက် သိန်း ၈၀၊ ရုပ်ရှင်နှင့် မျက်လှည့်ရုံများအတွက် သိန်း ၅၀၊ ကစားကွင်း(ညောင်ပင်ဝိုင်း)အတွက် သိန်း ၇၀၊ ရေသန့်နှင့် သန့်စင်ခန်းလုပ်ငန်းများအတွက် သိန်း၆၀ သတ်မှတ်ထားကြောင်း သိရသည်။ 


ပွဲတော်တွင် ဆိုင်ခန်းပေါင်း ၉၀ဝ ဝန်းကျင်ရှိပြီး ဆိုင်ခန်းဈေးနှုန်းများမှာ ငှက်ပျောအုန်းဆိုင်ခန်းများ နှစ်သိန်း၊ ကရေကရာဆိုင်ခန်းများ တစ်သိန်းရှစ်သောင်းနှင့် တစ်သိန်းခွဲ၊ တစ်သိန်းနှစ်သောင်း စသဖြင့် နေရာပေါ်တွင် မူတည်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။


H1N1 ဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်က တောင်ပြုံးပွဲတော်ကျင်းပခွင့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ်ဆိုင်းခဲ့ရပြီး ယခုနှစ်တွင် ကူးစက်ရောဂါများပြန့်ပွားမှု မရှိစေရန် ခြင်ဆေးဖြန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
 

တောင်ပြုံးပွဲတော်ကိုလာမည့် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက် (သြဂုတ် ၈ ရက် ၁၅)ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။


အိမို့မို့ခိုင်