မန္တလေး ၁၅ ဇူလိုင်
တောင်ပြုန်းပွဲတော်နေရာများအခုလ ၁၈ ရက်မှာ လေလံချထားမည်ဖြစ်ကြောင်း တောင်ပြုံးပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ တောင်ပြုန်းပွဲတော်မှာ ပွဲတော်နေရာများလေလံချထားခြင်းနှင့် ဆိုင်ခန်းများ ရောင်းချခြင်းကို ဇူလိုင် ၁၈ ရက်နေ့တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“၁၈ ရက်နေ့မှာ လေလံပစ်ဖို့ မြို့နယ်ထွေအုပ်က သတ်မှတ်ပေးတယ်။ သတင်းစာကနေ အမြန်ဆုံးကြေငြာပြီး အမြန်ရောင်းချပေးသွားမှာပါ ”ဟု တောင်ပြုံးပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌ ဦးကျော်ကျော် ကပြောသည်။
ယခုနှစ်လေလံချထားပေးမည့် ကြမ်းခင်းဈေးများမှာ ဇာတ်ရုံနေရာတစ်ခုအတွက် ကျပ်သိန်း ၆၀၊ လျှပ်စစ်အတွက် သိန်း ၈၀၊ရုပ်ရှင်နှင့် မျက်လှည့်ရုံများအတွက် သိန်း ၅၀ ၊ ကစားကွင်း(ညောင်ပင်ဝိုင်း)အတွက် သိန်း ၇၀၊ ရေသန့်နှင့် သန့်စင်ခန်းလုပ်ငန်းများအတွက် သိန်း ၆၀ သတ်မှတ်ထားကြောင်း သိရသည်။
ပွဲတော်တွင် ဆိုင်ခန်းပေါင်း ၉၀ဝ ဝန်းကျင်ရှိပြီး ဆိုင်ခန်းဈေးနုန်းများမှာ ငှက်ပျောအုန်းဆိုင်ခန်းများ နှစ်သိန်း၊ ကရေကရာဆိုင်ခန်းများ တစ်သိန်းရှစ်သောင်းနှင့် တစ်သိန်းခွဲ၊ တစ်သိန်းနှစ်သောင်း စသဖြင့် နေရာပေါတွင် မူတည်ပြီး ရောင်းချပေးသွားမည်ဖြစ်သည်။
“ပွဲတော်က နီးပြီးလေလံမပေးနိုင်တာကြောင့် ဈေးသည်တွေအတွက် ရင်းနီးမြှုပ်နှံဖို့ ကြိုလုပ်ရတဲ့ အချိန်တွေ နည်းသွားတယ်။နေ့တိုင်းပဲ သူတို့က ဖုန်းဆက်ကြတယ်။ ဆိုင်ခန်းဘယ်နေ့ရောင်းမလဲ။ လေလံဘယ်နေ့ပေးမလဲပေါ့။ ဒီနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့လို့ ဒီပွဲမှာ အားကိုးပြီး ရင်းနှီးလုပ်ကိုင်တဲ့သူတွေ အခက်အခဲ ဖြစ်တာပေါ့”ဟု ဂေါပကအဖွဲ့ဝင်ဦးမင်းမင်းကပြောသည်။ H1N1 ဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်က တောင်ပြုန်းပွဲတော်ကျင်းပခွင့်ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ရပ်ဆိုင်းခဲ့သည်။
တောင်ပြုံးပွဲတော်ကိုလာမည့် ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက် (သြဂုတ် ၈ ရက် ၁၅)ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။
အိမို့မို့ခိုင်


