မန္တလေး ၁၁ သြဂုတ်
တောင်ပြုံးပွဲတော်သွားရာ လမ်းတစ်လျှောက်တွင် ရဟန်းသာမဏေ အယောင်ဆောင်များအား စစ်ဆေး အရေးယူမှုများပြုလုပ်နေကြောင်း ဆုတောင်းပြည့် ဆုတောင်းရဂေါပကအဖွဲ့မှ သိရသည်။
မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာတွင်ကျင်းပသည့် ဆုတောင်းပြည့်၊ ဆုတောင်းရ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်တွင် အလှူခံနေသည့် ရဟန်းသာမဏေ အယောင်ဆောင်များကို စစ်ဆေးအရေးယူမှုများ ပြုလုပ်နေသည်ဟု သိရသည်။
“ဝါခေါင်လဆန်း ၉ ရက်ကနေစပြီး ပွဲပြီးအထိ ရဟန်း သာမဏေအယောင်ဆောင်တွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် ဆရာတော်ကြီးများက ကြီးကြပ်ပြီးပွဲတော်ကြီး အောင်မြင်အောင် ဆောင်ရွက်နေပါတယ်” ဟု ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။
မွန်းတည့် ၁၂ နာရီကျော်အထိ အလှူခံနေသည့် ရဟန်းဝတ်၊ ဝတ်ဖြူစင်ကြယ်ဝတ် ၊ရသေ့ဝတ်များအား စစ်ဆေးမှုများဆောင်ရွက်မှုများကို ၂၀၁၃ ခုနှစ်ကစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခုလ ၆ ရက်က တောင်းပြုံးပွဲတော်လမ်းတစ်လျှောက် တောင်းရမ်းစားသောက်နေသည့်အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၃၀ ၊ သင်္ကန်းဝတ်ကိုရင် ၈ ဦးကိုမတ္တရာမြို့နယ် ရဲစခန်းမှ ခေါ်ယူသတိပေးခဲ့ကြောင်းလည်း သိရသည်။
“နှစ်တိုင်းလုပ်တယ်ဆိုတာကို ထိန်းသိမ်းတာ ပထမဆုံးလုပ်တဲ့နှစ်က ၃၀ နီးပါးလောက် အယောင်ဆောင်သူတွေကို တွေ့ရှိခဲ့တယ်။ မွန်းတည့် ၁၂ နာရီကျော်ရင် အလှူခံတာတွေ့ရင် ဆရာတော်ဘုရားကနေခေါ်ပြီး ဘယ်ကျောင်းမှာသီတင်းသုံးလဲ မေးမြန်းပြီး ဒေသနာကြားခိုင်းတယ်။ အဲအပေါ်စိစစ်ပြီး လူဝတ်လဲစေပြီး နေထိုင်ရာဒေသကိုပြန်လွှတ်တယ်” ဟု ဦးကျော်ကျော်က ပြောသည်။
တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ ကျင်းပမည်ဖြစ်သည်။
အိမို့မို့ခိုင်


