တောင်သာ   ၂၃  မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ထွက် စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင်  စျေးနှုန်းကျဆင်းနေခြင်းကြောင့် စိန်တစ်လုံးသရက်စိုက်ပျိုးသည့် ခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း   အမှတ်(၂)ရပ်ကွက်ရှိ  (မုဒိတာ) စိန်တစ်လုံးသရက်ခြံပိုင်ရှင် ဦးသက်ခိုင်ဝင်းက ပြောသည်။

 

တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စိန်တစ်လုံးသရက်ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ် စိန်တစ်လုံး အသီးထွက်နှုန်းများပြီး  သရက်သီးမှည့်ချိန် အောက်စျေးဖြင့် ရောင်းချနေရကြောင်း သိရသည်။

 

ယခင်နှစ်များက သရက်ပွင့်ချိန်မှ အသီးကင်းစတင်သီးချိန်တွင် စိန်တစ်လုံးသရက်ပွဲစားများ ကျေးရွာများ အထိဆင်းကာ  ခြံပြတ်စျေးဖြတ်ပြီး လာရောက်ဝယ်ယူသူများရှိသော်လည်း ယခုနှစ်  ကိုဗစ်-၁၉ ရောဂါကြောင့်  စိနလာရောက်ဝယ်ယူမှု မရှိခြင်းကြောင့်  စိန်တစ်လုံးသရက်သီးစျေးကွက် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စိန်တစ်လုံး သရက်စိုက်တောင်သူများထံမှ သိရသည်။

 

တောင်သာဒေသထွက် စိန်တစ်လုံးသရက်သီးများသည် အရည်အသွေးကောင်းမွန်ပြီး နှစ်စဉ်နှစ်တိုင်း စျေးကွက် ကောင်းစွာ ရောင်းချခဲ့ရသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ရောဂါကြောင့် သရက်ခြံပိုင်ရှင်များ အခက်အခဲကြုံသော နှစ်ဖြစ်ကာ အိတ်စွပ်သည့် စိန်တစ်လုံးသရက်သီးများကို ဆယ်လုံးစျေး ကျပ် ၃၀၀၀ ဖြင့် ရောင်းချရပြီး အိတ်မစွပ်သည့် သရက်သီးများကို ဆယ်လုံးစျေး ကျပ် ၂၀၀၀ မှ ၁၅၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)