ဆူးငှက်
 

''...ခရာတံပိုး၊ မရိုးလက်မြှောက်

တီးတောက်သာမြေ့၊ မင်းဓလေ့ဖြင့်

ပျော်မွေ့ဖွယ်ချည်း၊ နရည်းခံရာ

သံဝါကြည်ဟည်း၊ ဝေးနီအုတ်အုတ်

ပဇ္ဇုန်ရုတ်သို့ ...''
အမရပူရ နန်းစံ ပုဂံမင်းကား ကြက်တိုက်၊ ငှက်တိုက်၊ တိရစ္ဆာန်ချင်း ရင်ဆိုင်တိုက်စေသည့် ပွဲလမ်းများနှင့်အတူ အပျော်အပါးသဘင်ပွဲတို့၌ ပျော်မွေ့ပုံမှာ ပြောစမှတ်ဖြစ်သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကူးအတာရေဖျန်း သဘင်ကိုလည်း ဝှဲချီး၍ ပျော်ပျော်ကြီး ဆင်နွှဲသည်။ ပုံမှန်ထုံးစံ အကြို၊ အကျ၊ အကြတ်၊ အတက်...ဟူ၍ လေးရက် သာ ကျင်းပလေ့ရှိသော အတာပွဲကို ရက်ပေါင်းလေးဆယ်၊ လေးဆယ့်ငါးရက်ကြာ ဆင်နွှဲ၏။ နံနက်မိုးသောက်လေ တိုင်း မြန်မာပြည်တစ်ဝက် သိမ်းပိုက်ထားသော အင်္ဂလိပ်တို့အရေး၊ စိုးရိမ်တကြီးနှင့်အတူ တိုင်းရေးပြည်ရာများ စိတ်ဝင်တစားနှင့် မေးမြန်းဖို့ သတိမရအားဘဲ ဒီကနေ့ ဘာတိရစ္ဆာန် တိုက်ပွဲများ စီမံထားလေသလဲဆိုတာကိုသာ အလောတကြီး မေးမြန်းသည့်ဘုရင်ဖြစ်သည်။

 

အမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးရှိစွာ

မြန်မာရာဇဝင်၌ အလိုရမ္မက်လောဘကြီးမား၊ ကောက် ကျစ်ရမ်းကားသော ရှင်ဘုရင်အများစု၊ ရှေးရှေးဘုန်းကံရှိ၊ မင်းကျင့်တရားနှင့်အညီ တိုင်းပြည်အပေါ် စီမံအုပ်ချုပ်လေသော တရားမင်းကောင်းမင်းမြတ်တို့၏ နှလုံးသည်းပွတ်မှ အမှန်ယိုစီးလာသည့် သဒ္ဓါစိတ်ဖြင့် ပြန်အပ်သော ကုသိုလ်ကောင်းမှုတို့ကို 'အကာ' သဘောသာ အတုယူကာ ဘုရားတည် ကျောင်းဆောက်အလုပ်တို့ကို 'ဟန်ပြ' လုပ်ကြသည်ချည်းဖြစ်သည်။ ထိုနည်းတူ ပုဂံမင်းသည် လည်း တစ်ဖက်က အပျော်အပါး လောင်းကစားဖြင့် အချိန်ကုန်ခြင်း ပြယုဂ်အား ကျောင်းဆောက်ဘုရားတည် ကုသိုလ်ဖြင့် အသည်းအသန် ဖုံးအုပ်ခဲ့ပါ၏။ မည်သို့ပင် ဆိုစေ...၊ ထိုပြုခြင်းများကား အမွေအနှစ်တစ်ခုအဖြစ် တန်ဖိုးရှိစွာ ကျန်ရစ်ခဲ့သည်ချည်းဖြစ်သည်။


ပုဂံမင်းက အမရပူရ ရွှေမြို့တော် အနောက်မျက်နှာ ဗားကရာတိုက်တွင် ကျောင်းဦးပြာသာဒ်နှင့်တကွ ဝေယံ ဘုံသာဘွဲ့ချီ ကျောင်းတော်ကြီးနှင့် အခြားကျောင်းတိုက် နှစ်ဆယ့်နှစ်တိုက်။ အမရပူရစန္ဒာမုနိဘုရား ဝန်းကျင် ကျောင်းငါးကျောင်း၊ အာသောကာရာမကျောင်းတိုက် အတွင်း ကျောင်းရံများ၊ အမရပူရရွှေမြို့တော် မြောက် ဘက် ယခင်မင်္ဂလာအိမ်တော်နေရာ မဟာလောကရံသီ စေတီတော်နှင့် ဒဂုံမြို့အိမ်တော်နေရာ စေတီတော်၊ အဝမြို့ မှ လောကသရဖူစေတီတော် ပြင်ဆင်ခြင်း၊ စစ်ကိုင်း ထူပါရုံစေတီတော်၊ ရှင်ပင်ဆိပ်ပေါက်စေတီတော်၊ ဆပ်သွား စေတီတော်များ ပြင်ဆင်ခြင်းကုသိုလ်တို့ ဆောင်ရွက်ခဲ့သည်။

 

ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ဒုတိယအကြီးဆုံး

ပုဂံမင်း၏ ကုသိုလ်များအနက် ဘကြီးတော်ဖြစ်သူ စစ်ကိုင်းမင်းက အဝမြို့တွင် တည်ထားကိုးကွယ်ခဲ့၍ ပုဂံမင်းလက်ထက်တွင် ချုံနွယ်ပိတ်ပေါင်းများအကြား ယိုယွင်းနေသော မဟာသကျရံသီ ရုပ်ပွားတော်ကြီးကို အမရပူရသို့ ပြန်လည်ပင့်ဆောင်ကာ ဂန္ဓကုဋိတိုက်တော်သစ်တွင် စံမြန်းကိုးကွယ်ခဲ့သော ကုသိုလ်က ထင်ရှား သည်။ ဘကြီးတော်(စစ်ကိုင်းမင်း)၏ ကောင်းမှု မဟာသကျရံသီ ရုပ်ပွားတော်ကြီးသည် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ဒုတိယအကြီးဆုံး၊ စကျင်ကျောက်ဖြူ ဆင်းတုတော်ကြီးဖြစ်၏။ ညောင်ရမ်းခေတ်နှောင်းကာလ တနင်္ဂနွေမင်း (၁၇၁၄-၃၃)လက်ထက်တွင် အမြင့်ဉာဏ်တော် ၁၂တောင် (၂၉) ပေရှိ ကျောက်သားရုပ်ပွားတော်ကြီးကို မဟာရတနာ မာရ်အောင်ဘွဲ့ချီကာ ထုလုပ်ခဲ့ရာ မပြီးမြောက်ဘဲ သားတော် မဟာဓမ္မရာဇဓိပတိလက်ထက်တွင် 'လောကသရဖူ' ကမ္ပည်းတင်၍ အင်းဝမြို့တွင် တည် ထားကိုးကွယ်ခဲ့သော စကျင်ကျောက်ဖြူရုပ်ပွားတော်ကြီးက ကနဦးပထမ ဖြစ်သည်။ ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် (၁၈၃ဝခုနှစ်) တွင် ဉာဏ်တော် ၁၇ပေရှိ မဟာသကျရံသီ ဆင်းတုတော်ကို စကျင်ကျောက်ဖြူသားဖြင့် ထုလုပ်ကာ အင်းဝတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

 

မင်းဓလေ့ဖြင့် ပျော်မွေ့ဖွယ်ချည်း

ပုဂံမင်းက ထိုရုပ်ပွားတော်ကိုအမရပူရသို့ ပြန်လည်ပင့်ဆောင်ရာတွင် ခမ်းနားကြီးကျယ်သော အဆောင် အယောင်ပွဲလမ်းများဖြင့် ပင့်ဆောင်ခဲ့ခြင်းဖြစ်၏။ သက္ကရာဇ် ၁၂၁၁ ခု (ခရစ် ၁၈၄၉)၊ နယုန်လဆန်း ၁၄ ရက်နေ့တွင် လှေအမှုထမ်း ၃ဝဝဝ ကျော်ကို ကျောက်မော် မြို့စား ဝန်ကြီး မင်းလှသီဟသူ၊ ပန်းပဲဝန်အတွင်းဝန် သတိုးမင်းကြီး မဟာမင်းလှကျော်သူတို့ကို ကြီးကြပ်စေကာ အင်းဝသို့စေလွှတ်၍ ပြိုပျက်နေသော အုတ်ပြာသာဒ်အတွင်းမှ မဟာသကျရံသီ ရုပ်ပွားတော်ကို ပင့်ဆောင်စေသည်။ ရုပ်ပွားတော်မြတ် ဖောင်တော်ပေါ် ရောက်ကြောင်း ကြားသိသည်နှင့် ပုဂံမင်းက သက္ကရာဇ် ၁၂၁၁ ခု၊ ဝါဆိုလပြည့်ကျော် ၆ရက် နေ့တွင် ဆရာတော် သံဃာတော်တို့ကို သမ္ဗန်တော်များတွင် ပင့်တင်၍ ရှေးဦးရှေးဖျား ကြွတော်မူပုံကို ''...ခရာတံပိုး၊ မရိုး လက်မြှောက်၊ တီးတောက်သာမြေ့၊ မင်းဓလေ့ဖြင့်၊ ပျော်မွေ့ဖွယ်ချည်း၊ နရည်းခံရာ ...'' ဟူသော မှတ်တမ်းတွင် ကမ္ပည်းတင်ခဲ့သည်။

 

တောင်သမန်အင်းအတွင်း ရေကြီးရေတက်ချိန်ခါ

အင်းဝမြို့တော်ဟောင်းမှ ပင့်ဆောင်လာသော မဟာ သကျရံသီ ဆင်းတုတော်တင် ဖောင်တော်နှင့် ဖောင်တော် လှေတော် အများအပြားသည် ရေခင်းသဘင် အခင်း အကျင်းဖြင့် ဧရာဝတီမြစ်အတွင်းမှ တောင်သမန်အင်း အတွင်း ရေကြီးရေတက်ချိန်ခါနှင့် ချိန်သားကိုက် ဝင်ရောက်လာသည်။ (ထိုအချိန်၌ တောင်သမန်အင်းအတွင်း ဦးပိန်တံတားဆောက်လုပ်၍ မပြီးစီးသေးပုံပေါ်သည်။ (ဦးပိန်တံတားက ၁၂၁၁ ခုနှစ်တွင် စတင်ဆောက်လုပ် သော်လည်း ၁၂၁၃ ခုနှစ်မှ အလုံးစုံပြီးသည်) ဦးပိန်တံတား ဆောက်လုပ်ပြီးစီးသောအခါ ပြည်ကြီးမွန် စသော ဘုရင့်ဖောင်တော်ကြီးများ၊ လှေတော်ကြီးများ အလွယ်တကူ ဖြတ်သန်းလှော်ခတ်နိုင်ရန်အတွက် အခင်းပျဉ်ချပ်တို့ကို အလွယ်တကူ ဖြုတ်နိုင်တင်နိုင်သည့် ဖောင်ကြောင်း ကိုးကြောင်းလည်း ထည့်သွင်းထားရှိသည်။

 

တောင်သမန်သံတဲ၏ အနောက်ဘက်

ပုဂံမင်းက 'မဟာသကျရံသီ' ဆင်းတုတော်ကို တောင် သမန်အင်းအရှေ့မြောက်အရပ်ရှိ ပြန့်ပြူးသော မြေနေရာ တွင် ဂန္ဓကုဋိတိုက်တော်အသစ် ဆောက်လုပ်ကာ တည်ထားသည်။ ထိုနေရာကား ဘိုးတော်ဘုရားလက်ထက် သံတမန် များထားရှိသည့် တောင်သမန်သံတဲ၏ အနောက်ဘက်ဖြစ်သည်။ (ယခု သံတမန်များ၏ တောင်သမန် သံတဲနေရာက မိုးကြီးလျှင် ရေနစ်မြုပ်လေ့ရှိသော ရတနာပုံတက္ကသိုလ်ဖြစ်နေပြီ။) သကျရံသီဆင်းတုတော် ကိန်းဝပ် သော ကျောင်းတော်ကို ပုဂံမြို့ရှိ အာနန္ဒာဘုရားပုံစံကို ယူ၍ တည်ဆောက်ထား၏။ ဂူဘုရားပုံစံရှိကာ တောင်သမန် ကျောက်တော်ကြီးဘုရားဟုသာ လူသိများသည်။ တောင်သမန်ကျောက်တော်ကြီးကို ဦးဆောင်တည် ဆောက်သူမှာ ပန်းပဲအတွင်းဝန် သတိုးမင်းကြီး မင်းလှ ကျော်သူဖြစ်သည်။ နာမည်ကျော် ဗိသုကာကြီးဖြစ်ပါ၏။ ပုဂံမင်းကောင်းမှု မဟာလောကရံသီ အိမ်တော်ရာ စေတီတော်ကိုလည်း ပန်းပဲမင်းကြီးက ဦးဆောင်တည်ထားခဲ့သည်။ ပန်းပဲ မင်းကြီးကား ပုဂံမင်းညီတော် မင်းတုန်းမင်းက ရတနာပုံမန္တလေး နေပြည်တော် တည်ထောင်သောအခါ၌လည်း ရွှေမြို့တော်ကြီး တည် ဆောက်ရာတွင် အဓိက ပါဝင်ခဲ့သူဖြစ်သည်။

 

ပန်းတော့ပညာဖြင့် ထုလုပ်ခဲ့သော မနုဿီဟများ

တောင်သမန်ကျောက်တော်ကြီးဘုရားတွင် ယခုတိုင် ထူးခြားထင်ရှားသည်က ဂန္ဓကုဋိတိုက်တော်ကြီး သာမက ထောင့်လေးထောင့်မှ မနုဿီဟ ရုပ်တုကြီးများပင်ဖြစ်သည်။ သာသနိက အဆောက်အအုံများတွင် မနုဿီဟပုံကို ထည့်သွင်းကြသည်မှာ ပုဂံခေတ်ကတည်းက ဖြစ်သည်။ ပန်း ၁ဝ မျိုး အနုပညာဖြင့် မနုဿီဟကို ထည့်သွင်းကြရာ၌ အမရပူရခေတ်လက်ရာ တောင်သမန် ကျောက်တော်ကြီးက အုတ်၊ အင်္ဂတေ ပန်းတော့ပညာဖြင့် ထုလုပ်ခဲ့သော မနုဿီဟများကား အချိုးအစား အကျနဆုံးအဖြစ် စံထားကြသည်။ ဤနေရာ၌ တောင်သမန်ကျောက်တော် ကြီးဘုရား၏ ဦးဆောင်မှု၊ မြန်မာမှုဗိသုကာ ပန်းပဲမင်းကြီး ၏ ပညာရည်နှင့် ကျွမ်းကျင်မှု၊ ဦးဆောင်နိုင်မှုတို့ကို သတိ ပြုသင့်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်သမန် ကျောက်တော်ကြီးဘုရား (သက္ကရာဇ် ၁၂၁၁ခုနှစ်)ကထက် ဦးစွာ တည်ထားသော ပုဂံမင်းကောင်းမှု၊ မဟာ လောကရံသီ အိမ်တော်ရာစေတီတော် (သက္ကရာဇ် ၁၂ဝ၉ ခုနှစ်)တွင် ဦးဆောင်ကြီးကြပ်သူ ပန်းပဲမင်းကြီးက စေတီတော် ထောင့်လေးထောင့်၌ အုတ်အင်္ဂတေခြင်္သေ့ရုပ်များ ထုလုပ်သော အခါ စေတီတော်၏ ရာဟုထောင့် (အနောက် မြောက်ထောင့်)ရှိ ခြင်္သေ့ကို နမူနာအဖြစ် ထုလုပ်ခဲ့သည်။

 

ပန်းပဲမင်းကြီးလက်ရာခြင်္သေ့ရုပ်
ထိုခြင်္သေ့ရုပ်တုက အချိုးအစားကျနရုံမက တောတွင်း ကေသရာဇ်၏သရုပ်ကို ပီပြင်စေသည့် လည်ဆံတို့ကို မူလသရုပ်မပျောက်စေဘဲ မြန်မာမှုနှင့် တွဲဖက်စေသော ဒီဇိုင်းက သတိပြုအတုယူဖွယ်ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ လွတ်လပ်သော သမ္မတနိုင်ငံတော်အတွက် နိုင်ငံတော်တံဆိပ်နှင့်အတူ ရန်ကုန် ဆူးလေ ဘုရားအနီး မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်အခြေတွင် ထားရှိမည့် ခြင်္သေ့ရုပ်တုများ၊ ငွေအကြွေစေ့များတွင် ထည့်သွင်းပါရှိမည့် ခြင်္သေ့ရုပ်များအတွက် စံပြုခြင်္သေ့ကို ရှာဖွေကြရာ၌ မဟာလောကရံသီ အိမ်တော်ရာ စေတီတော် ရာဟုထောင့်က ပန်းပဲမင်းကြီးလက်ရာခြင်္သေ့ရုပ်ကို ပညာရှင်များက ရွေးချယ်ခဲ့ကြသည်။ (အဆိုပါ အုတ်ခြင်္သေ့၏ မူလလက်ရာကို ၁၉၈ဝ ဝန်းကျင်က မှန်စီရွှေချလက်ရာများနှင့် မသိနားမလည်စွာ သဒ္ဓါလွန်လိုက်ကြသည်။)

 

ခေတ်ပြိုင်ပုံရိပ်များအသွင်
ထို့ကြောင့် တောင်သမန်ကျောက်တော်ကြီး၏ မနုဿီဟများကလည်း ပန်းပဲမင်းကြီး ကြီးကြပ်မှုနှင့် ထုလုပ်ခဲ့သည်မို့ စံပြုဖွယ် ပီပြင်ကျနသော လက်ရာများဖြစ်ပါ၏။ ထို့ပြင် တောင်သမန်ကျောက်တော်ကြီးဘုရား ဂန္ဓကုဋိတိုက်အတွင်း နံရံဆေးရေးပန်းချီများကလည်း ထူးခြားသည်။ အဆိုပါ နံရံဆေးရေးပန်းချီများက ပြုမြဲ ထုံးစုံ ဗုဒ္ဓဝင်၊ ဇာတ်ကြီး ၁ဝ ဘွဲ့များမဟုတ်မူဘဲ မြန်မာတို့ ရိုးရာလက်ခံခဲ့ကြသော စကြဝဠာကို မြင့်မိုရ်တောင်၊ ကျွန်းကြီးလေးကျွန်းနှင့်အတူ နက္ခတ်အစုံအလင်နှင့် သရုပ်ဖော်သော မျက်နှာကြက် ပန်းချီများအပြင်၊ ပုဂံမင်းကောင်းမှု စေတီပုထိုး၊ ကျောင်းကန်များ၏ ပုံတူအချိုးကိုက်ပုံစံများကိုလည်း နံရံပန်းချီများအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ပိုမိုထူးခြားသည်က ပုဂံမင်းလက်ထက် အမရပူရ၏ သာမန်ပြည်သူလူထု၏ လူနေမှုပုံစံများ ဓလေ့စရိုက်များကိုလည်း ခေတ်ပြိုင်ပုံရိပ်များ အသွင် နံရံများတွင် ဆေးပန်းချီဖြင့် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။


ဧကရာဇ်မင်းတို့ကား အာဏာရှင်များပီပီ တစ်ဦးတည်း သဘောစိတ်ထင်တိုင်း၊ ထင်တိုင်းကြဲ လုပ်ဆောင်ကြရာ၌ သံသရာနှင့် အာဏာပြယုဂ် ဘုရားကျောင်းကန်များကိုလည်း အကာအကွယ်သဘော ဆောင်ရွက်ကြသည်ချည်း ဖြစ်၏။ အဆိုပါလုပ်ရပ်များ အပေါ်တွင် ဦးဆောင်ကြီးကြပ်ရသူ ဝန်ကြီး၊ ဝန်ထောက်အရာရှိတို့က ရေရှည်အကျိုး မျှော်လင့်ကာ မိမိတို့ လုပ်ပိုင်ခွင့်ကို အာဏာအောက်မှ အမိအရ ရယူပြီး စေတနာကောင်းနှင့် ဆောင်ရွက်ကြပါက သမိုင်းအတွက် အမွေအနှစ်ကောင်း ကျန်ရစ်မှာ သေချာပါ၏။


အခုတော့ တောင်သမန်ကျောက်တော်ကြီးက ပန်းတော့လက်ရာနှင့် နံရံပန်းချီများက အဖိုးထိုက်တန်ပြီ။ ဘယ်လို ဆက်ထိန်းကြမလဲဆိုသည့် စေတနာကတော့ လိုနေပြန်ပါပြီ။    ။