ပုသိမ် ၂၃ မေ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလတွင် နွေစပါးများအချိန်မှီ ရိတ်သိမ်းခြွေလှေ့နိုင်ရေး၊ မိုးစပါးများ အချိန်မှီ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများကို တိုးတတ်သုံးစွဲနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူလယ်သမားများအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
“တိုင်းဒေသကြီးအတွင်း စက်မှုလယ်ယာစခန်း ၁၈ ခုဖွဲ့စည်းထားပြီး ထွန်စက်ကြီး ၁၉၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၅၉ စီး၊ ကောက်စိုက်စက် ၁၁ စီးဖြင့် တောင်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွန်ယက်ခြင်း တစ်ဧက တစ်လွှာလျှင် ၆၅၀၀ ကျပ်၊ ထယ်ထိုးခြင်း တစ်ဧက ၁၃၀၀၀ ကျပ်၊ ကောက်စိုက်စက် တစ်ဧက ၂၅၀၀၀ ကျပ်နှင့် ရိတ်သိမ်းခြွေလှေ့စက် တစ်ဧက ၃၅၀၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်ပေးလျက်ရှိကြောင်း” တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးအောင်မွန်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများအပြား စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုတွင် ပါဝင်ပြီး မိုးစပါးစိုက်ဧက ၃၇ ဒသမ ၅ သိန်းကျော်နှင့် နွေစပါး ၁၃ သိန်းကျော် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
ကိုတွတ် (တိုင်း ပြန်/ဆက်)


