နေပြည်တော် နိုဝင်ဘာ ၂၀ 

ဆည်ရေသောက် ဧရိယာများအားလုံး သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်စွမ်း မြင့်မားရေး၊ (၁)နှစ် သုံးသီးအထိ သီးထပ်စွမ်းအား တိုးတက်ရေး၊ သီးနှံသက်တမ်းနှင့် ရေလိုအပ်ချက်ကို အခြေခံရေးဆွဲထားပြီး တောင်သူအကျိုးရှိစေမည့် သီးနှံပုံစံဖြစ်စေရေးတို့အတွက် ဝန်ကြီးဌာန က စီမံဆောင်ရွက်ပေးမှုအပေါ် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံစဉ် တိုက် တွန်းပြောကြားလိုက်သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် ကင်းသာရေလှောင်တမံ၌ ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများဖြင့် ဖွဲ့စည်း ထားသည့် ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဝင်ငွေအများဆုံး သီးနှံပုံစံ အသုံးပြုစိုက်ပျိုးရေး၊ မြေဆီဩဇာထက်သန်ရေး နည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် ဓာတ် မြေဩဇာများ အချိုးညီ အသုံးပြုရန်လိုအပ်ချက်များ၊ ရာသီဥတု အခြေအနေကောင်းမွန်ပြီး ဆည်ရေသေချာသည့် ဒေသဖြစ်၍ တစ်နှစ် (၂)သီးစားမှ (၃)သီးစား တိုးချဲ့စိုက်ပျိုးထုတ်လုပ် ရေး၊ စိုက်ကွင်းများ ရေသွင်းရေထုတ် မှန်ကန်ရေးနှင့် ရေတင်နည်းမျိုးစုံဖြင့် စိုက်ပျိုးရေ အသုံး ပြုနိုင်ရေး၊ ရေအလေအလွင့်မရှိစေရေး ဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးပြော ကြားခဲ့သည်။

တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးသည် ကင်းသာရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် တမံကြံ့ခိုင်မှု အခြေအနေများကို လည်းကောင်း၊ တပ်ကုန်းမြို့ ကင်း သာကျေးရွာအုပ်စု ကင်းသာကျေးရွာရှိ ဒေါက်တာဇော်ထူးမြင့်၏ အသားတိုး ဝက်မွေးမြူ ရေးခြံသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်လို အပ်နေမှုများ၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေးအတွက် အသေး စား မွေးမြူရေး လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက် လုပ်ကိုင်လို သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်