မြောင်းမြ ၁ ဇွန်

 

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်စီစဉ်သော ပင်းတယဒေသထွက် အသီးအနှံ များကို မြောင်းမြမြို့ ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် ကုန်တင်ကားကြီး မေ ၃၁ ရက် နံနက် ၉ နာရီက မြောင်းမြမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

 

ပါလာတဲ့ အသီးအနှံတွေကို စာသင်တိုက်တွေ၊ သီလရှင်ကျောင်းတွေနဲ့ မြို့ပေါ်ရပ်ကွက် ရပ်ကွက်တွေမှာ ချို့တဲ့အိမ်ထောင်စု မိသားစုတွေကို ပြန်လည်ပေးဝေ လှူဒါန်းသွားမှာပါ၊ စေတနာရှင် တွေ၊ ပရဟိတအဖွဲ့တွေကလည်း မော်တော်ယာဉ်တွေနဲ့ ကုသိုလ်ယူပြီး ပေးပို့သွားမှာပါ ဟု စွမ်းအား ပရိယတ္တိ စာသင်တိုက်တွင် ခွဲဝေရေးတာဝန် ဆောင်ရွက်ပေးနေသော ကရုဏာရှင်လူငယ်များအသင်းမှ ကိုဝေလင်းအောင်က ပြောသည်။

 

အဆိုပါ ပင်းတယ တောင်ပေါ်သားများ၏ ပေးလှူမှုတွင် ခရမ်းသီး အချိန် (၂၀ဝ)၊ ခရမ်းချဉ်သီး အချိန် (၇၀ဝ)၊ ကြက်သွန်ဖြူ အချိန် (၂၀)၊ ကြက်သွန်နီ အချိန် (၆၀ဝ)၊ ပဲသီးအချိန် (၂၀)၊ အာလူး အချိန် (၃၀ဝ)၊ ဂေါ်ပီထုပ် (၅၀ဝ၀)၊ ဂျူးမြစ် အချိန် (၁၀ဝ) နှင့် လ္ဘက်ခြောက်၊ ငရုတ်သီးခြောက်နှင့် ပဲထောင့်သီးများ ပါဝင်ပြီး တောင်ပေါ်သူ တောင်ပေါ်သားများအတွက်လည်း မြောင်းမြမြို့မှ စေတနာရှင်ပြည်သူများက ဒေသထွက် ဆန်အိတ်များ၊ ဆန်ကြာဆန်၊ ငါးပိ၊ ငံပြာရည်များကို လက်ဆောင်အဖြစ် ပြန်လည် ထည့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့် ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်ကာလအတွင်း ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် စီစဉ်မှုဖြင့် ပင်းတယဒေသ တောင်သူများက ယခင်အပတ်ကလည်း ပုသိမ်မြို့သို့ ၂၂ ဘီး ကုန်ကားကြီးဖြင့် ဒေသထွက် အသီးအနှံများ လာရောက်ပေးလှူခဲ့ကြောင်း သိရပြီး ယခု မြောင်းမြမြို့သို့ ပထမအကြိမ် လာရောက် ပေးလှူခြင်းဖြစ်ကြောင်း သိရသည်။

 

သင်းရနံ့(မြောင်းမြ)