နေပြည်တော် မတ် ၁၅
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံညီ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အသင်းအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရေးနှင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးတို့အတွက် ယနေ့အစည်းအဝေးကို ကျင်းပရ ခြင်း ဖြစ်ကြောင်း။
အရေးကြီးပို့ကုန်များ
လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်းပါဝင်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များသည် ပြည်ပပို့ကုန်တွင် အရေးကြီးသော ပို့ကုန်များဖြစ်ကြောင်း။
အတည်ပြုပြဋ္ဌာန်းခဲ့
တောင်သူလယ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများနှင့် အကျိုးစီးပွားများရရှိစေရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ ပုဒ်မ ၄ အရ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို တိကျစွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များအနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေးအဖွဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း။
၎င်းအပြင် MEB Two Step Loan အစီအစဉ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားရှိကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများတွင် ခွင့်ပြုချက်ရရှိပြီးသူများ ချေးငွေရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင် ရွက်သွားရန် စီမံပေးထားကြောင်း။
နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရမည်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆိုလာစီမံကိန်းများနှင့် ရေလိုအပ်သည့် နေရာများတွင် သင့်လျော်သည့် Solar System ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။
ချေးငွေများထုတ်ချေးလျက်ရှိ
အလားတူ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အခက်အခဲများအချိန်နှင့် တစ်ပြေးညီဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ Call Centre များ ဖွင့်လှစ်ခြင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နှစ်ပတ်တစ်ကြိမ် သွင်းအားစုဈေးနှုန်းများ ထုတ်ပြန် ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ စိုက်ဧက ၁ ဒသမ ၅ သန်း တိုးချဲ့စိုက်ပျိုးရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေကြာ စိုက်တောင်သူများအတွက် နိုင်ငံတော်မှ ကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလီယံ အား မိုးနှင့် ဆောင်းနေကြာ စိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးလျက်ရှိကြောင်း၊ ၎င်းအပြင် ပြည်သူလူထု၏ဝတ်ရေး အဆင်ပြေစေရေးနှင့် ပြည်ပမှချည်မျှဉ်နှင့်ဝါ ဝယ်ယူမှုသွင်းကုန်အစားထိုးရေးနှင့် ဝါသီးနှံတစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ ဝါစိုက်ပျိုးဧရိယာတိုးချဲ့ စိုက်ပျိုးနိုင်ရေး ရည်ရွယ်၍ ၄ နှစ်တာအထူး စီမံကိန်းအနေဖြင့် ဧက ၇ သိန်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၄၅၈၃၈၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းဧက ၅ သိန်းနှင့် နွေစပါး ၈ ဒသမ ၅ သိန်း ဧကအတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေမှသုံးစွဲရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း။
တစ်ဖက်ကလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းများကို စီမံချက်များရေးဆွဲချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက သင့်တင့်သော ထောက်ပံ့ငွေများ ပံ့ပိုးကူညီဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်ဈေးကွက်ဝင်သီးနှံများ ပိုမိုတင်ပို့ရာတွင် Eating Quality ကောင်းမွန်စေသည့် စိုက်ပျိုး/မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
ရေအသုံးချသူများအဖွဲ့များဖွဲ့စည်း
တောင်သူလယ်သမားများ၏ အကျိုးစီးပွား အခြေခံလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးခြင်းတို့ ကင်းဝေးစေရန်စနစ်တကျ စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ်များတွင် ရေသောက်တောင်သူ လယ်သမားများဖြင့် ရေအသုံးချသူများအဖွဲ့ (Water Use Group-WUG)များကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ WUG အဖွဲ့ပေါင်း ၈၈၅၅ ဖွဲ့နှင့် တောင်သူဦးရေ ၂၂၆၉၃၀ ဦး ဖွဲ့စည်းနိုင်ခဲ့ပြီး ၎င်းမှတစ်ဆင့် (Water Use Association-WUA) အသင်း ၁၀ သင်းအထိ တိုးချဲ့ ဖွဲ့စည်းလျက်ရှိရာ တစ်နိုင်ငံလုံး ဆည်ရေသောက်စနစ် ခံစားကြရသည့် တောင်သူလယ်သမားများအတွက် ယခုထက်ပိုမို၍ ဖွဲ့စည်းကြရေး လိုအပ်ပါကြောင်း။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာမျိုးစုံကို လက်ငင်းစနစ်၊ အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း၊ ငှားရမ်းထွန်ယက်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိက အစုအဖွဲ့များကို လယ်ယာဝန်ဆောင်မှုအသင်းများဖြင့် စည်းရုံးဖွဲ့စည်းပေးရန် လိုအပ်ကြောင်း။
မြစိမ်းရောင်ကျေးရွာစီမံကိန်း
မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့်မွေးမြူသူများ ဝင်ငွေတိုးတက်စေရန်၊ မွေးမြူရေး လုပ်ငန်းများအတွက် မြေယာလုပ်ပိုင်ခွင့်ရရှိရန်နှင့် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်တွင်း၌ သယ်ဆောင်ခြင်း၊ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ ခြင်းတို့ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြစိမ်းရောင် (ငါးကဏ္ဍ) ကျေးရွာစီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း ၃၀ စီဖြင့် ကျေးရွာပေါင်း ၃၉၄ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ စီးပွားရေး အခြေအနေ ပြန်လည်မြှင့်တင်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးသို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသကြီး ၆ ခုသို့ ငွေကျပ် ၅ ဘီလီယံစီစုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၀ ဘီလီယံကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
တောင်သူလယ်သမားများ၏ အခွင့်အရေးများနှင့်အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ မြှင့်တင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်များနှင့် မူဝါဒများကို အကောင်အထည်ဖော်ရာရောက်ပြီးဖြစ် သကဲ့သို့နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး နေခြင်းဖြစ်သည့်အတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်အဖွဲ့အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင် အုန်း၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးမြင့်ဦးနှင့် ဦးအောင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့ဥက္ကဋ္ဌများက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်