နေပြည်တော် ၁ အောက်တိုဘာ
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မိမိတို့နိုင်ငံအတွင်း လုပ်ကွက်ငယ် တောင်သူလယ်သမားအများစု စိုက်ပျိုးသော ဧည့်မထအုပ်စုဝင် စပါးအမျိုး အစားများ၊ လုံးသွယ်အုပ်စုဝင် စပါးအမျိုးအစားများမှာ စပါးပေါ်ချိန်ကာလများတွင် ဈေးနှုန်း မတည်ငြိမ်ခြင်း၊ စပါးဈေးနှုန်း ကျဆင်းခြင်းများနှင့် ပြည်ပဈေးကွက်တွင်လည်း ဝယ်လိုအားကျဆင်းခြင်း၊ ခွင့်ပြုပမာဏလျော့နည်းခြင်း၊ နယ်စပ်ကုန်သွယ်ရေးတို့တွင် အခက်အခဲများ ရှိခြင်းတို့ကြောင့် စပါးရိတ်သိမ်းချိန်ကာလများတွင် ဈေးနှုန်းကျဆင်းလာနိုင်သည့်အတွက် စိုက်ပျိုးသူ တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးနှင့် ဈေးကွက်တည်ငြိမ်မှု ရရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၏ ပုဒ်မ(၅) ပုဒ်မခွဲ(ဆ)၊ ပုဒ်မ(၉)ပုဒ်မခွဲ(ဂ)အရ တောင်သူလယ်သမားများ၏ လယ်ယာထုတ်ကုန်များကို သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဈေးကွက်ရရှိရေး ညှိနှိုင်းဆောင်ရွက်ကြရန် လိုကြောင်း၊ တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သင့်တင့်မျှတသော အကျိုးအမြတ်ရရှိစေရေးအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ပေးနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဦးဆောင်အဖွဲ့မှ ထုတ်ပြန်ပေးထားသည့် လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် ပါဝင်သည့် အဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြသည်။
တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ရာ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအရ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကိုစပါးအစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး စပါး(၁)တင်းလျှင် (၄၆)ပေါင်ကိုက် စပါးအရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါးတင်း(၁၀ဝ)လျှင် သတ်မှတ်မည့် ဈေးနှုန်းနှင့် အဆိုပါ အခြေခံရည်ညွှန်းစပါး ဈေးနှုန်းကို အောက်တိုဘာ (၁၅)ရက် မတိုင်မီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


