၁၀  ဒီဇင်ဘာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအားထားသည့် နိုင်ငံဖြစ်၍ အဓိကအားထားသော ဆန်စပါးစိုက်ပျိုးခြင်း လုပ်ငန်းကို ရှေးအစဉ်အဆက်မှ ယနေ့ထိတိုင်အောင် အဓိက အားထားလုပ်ကိုင်ခဲ့ကြသည်။ စိုက်ပျိုးရေး ရာသီစပါးပေါ်ချိန်တွင်ရွှေတွဲလဲ၊ ငွေတွဲလဲ အလှူမင်္ဂလာပွဲများဖြင့် တောင်သူလယ်သမား မိသားစုများအားလုံး ပျော်တပြုံးပြုံးနှင့်ရှိခဲ့သော အချိန်အခါများရှိသလို တွက်ခြေမကိုက်သည့် အချိန်အခါများလည်း ရှိခဲ့သည်။

မျက်မှောက်အချိန်အခါကာလတွင် စပါးစိုက်တောင်သူများသာမက အခြားကောက်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြသော တောင်သူများအဖို့ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးဒဏ်အမျိုးမျိုးနှင့် ကြုံတွေ့ရမှု၊ သီးနှံအရင်းအနှီး ကုန်ကျစရိတ်များမြင့်တက်မှု၊ နည်းပညာတိုးတက်ပြောင်းလဲမှုကို မကျော်လွှားနိုင်မှု၊ ဈေးကွက်စိန်ခေါ်မှုကို မဖြေရှင်းနိုင်မှု စသည့်အကြောင်း အမျိုးမျိုးတို့ကြောင့် တွက်ခြေမကိုက်သည့် အခက်အခဲများနှင့် ကြုံတွေ့ နေရသည်။

စပါးဈေးမကိုက်သည်မှာ ယခုအချိန်မှ ဖြစ်နေသည်မဟုတ်၊ ရှေးအစဉ် အဆက်ကလည်း ဈေးကွက်ကြောင့် လည်းကောင်း၊ ရာသီဥတုကြောင့်လည်းကောင်း အကြောင်းတစ်ခုမဟုတ်တစ်ခုဖြင့် ဖြစ်သည့်အလေ့အထ ရှိသည်။ မြန်မာပြည်သည် စပါးစိုက်ပျိုးရေးတွင် အထူးအားထားနေရသော တိုင်းပြည်ဖြစ်ရာ ယခုနှစ်ကဲ့သို့ စပါးဈေးမကောင်းသော၊ တွက်ခြေမကိုက်သော အခြေအနေများနှင့် ဆက်တိုက်မကြုံကြိုက်ပါမှ တောင်သူလယ်သမားများဘဝ အသက်ဆက်ရေးအတွက် သက်သာဖွယ်ရာအကြောင်းရှိပေသည်။

မြန်မာပြည်သည် အခြားနိုင်ငံများနှင့် နှိုင်းစာလျှင် စိုက်ပျိုးရေး၌သာ အစဉ်အဆက်လုံးပန်းခဲ့ကြသည်။ တွက်ခြေကိုက်မည့် အခြားသီးနှံပဲမျိုးစုံတို့မှာလည်း အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံများကိုသာ အားထားနေရသည်ဖြစ်၍ ထင်သလောက်ခရီးမပေါက်ဖြစ်နေသည်။ ပန်း၊ နှမ်း၊ ဂျုံ၊ ပြောင်း အခြားသီးနှံ စိုက်ပျိုးရေးဘက်တွင်မူ အခြားနိုင်ငံများ၏နောက်တွင်ရှိနေသည်ဟု သိရသည်။ ၎င်းအပြင် မြေတစ်ကွက်တည်းမှာပင် နှစ်သီး၊ သုံးသီး စိုက်ပျိုးရေးဘက်၌လည်း ရာသီဥတုနှင့် သီးနှံအထောက်အကူပြုမှုတို့ဘက်တွင် တစ်နှစ်ထက်တစ်နှစ် မျှော်လင့်စရာ၊ အလားအလာကောင်းဖြစ်စရာ နည်းနေသဖြင့် စိုက်ပျိုးရေးကိုအားထားသည်ဆိုသော်လည်း တောင်သူလယ်သမားများဘက်တွင် အခက်အခဲများရှိနေသည်။ ။

လက်တွေ့တွင်ရင်ဆိုင်နေရသော စပါးဈေးကွက်အခက်အခဲများ လျော့နည်းသက်သာရေးအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကို နိုင်ငံတော်က ဖွဲ့စည်းပေးခဲ့သည်။ ဦးဆောင်အဖွဲ့သည် ဥပဒေပုဒ်မ(၂၃)အရ အစိုးရခွင့်ပြုချက်ဖြင့် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို ငွေကျပ် ငါးသိန်းအဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရည်ရွယ်ချက်မှာ ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းနေပါက အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူပေးခြင်းဖြင့် တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်ပေးခြင်းဖြစ်သည်။

ထို့အပြင် စပါးဝယ်ယူရန်လိုအပ်လာပါကလည်း နိုင်ငံတော်က လှည့်ပတ်ရန်ပုံငွေ ငွေကျပ် ၁၅ ဘီလီယံ သုံးစွဲခွင့်ပြုပေးထားကြောင်း သိရသည်။ ထို့အပြင် ဒေသအတွင်း စပါးဝယ်ယူရန်လိုအပ်လာပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများအား တိုက်တွန်းထားသည်။ ပြည်ပပို့ကုန် လျော့နည်းသွားသဖြင့် ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် ဈေးနှုန်းကျဆင်းခြင်းကို ထိန်းကျောင်းနိုင်ရန် လုံးသွယ်အမျိုးအစားစပါးကို စပါးအတိုင်း ပြည်ပသို့ တင်ပို့ရောင်းချခွင့်ကိုလည်း ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တင်ပို့ခွင့်လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ပြီး တန်ချိန်နှစ်သိန်းမှ စတင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အပြီးတင်ပို့ရန်နှင့် လိုအပ်ပါက တန်ချိန်ငါးသိန်းအထိ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့တောင်သူလယ်သမားများသည် မြေတစ်ကွက်တည်းမှာပင် နှစ်သီး၊ သုံးသီး အကျိုးခံစားနိုင်အောင် ကောက်ပဲသီးနှံစိုက်ပျိုးနိုင်သည့် လုံ့လဝီရိယရှိသော မြန်မာများဖြစ်ရာ တွက်ခြေမကိုက်သော အခြေအနေအရပ်ရပ်၊ အကြောင်းရင်း အမျိုးမျိုးတို့ကို ဤသို့ဖွေရှာဖြေရှင်းပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့လာမည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ