၂၈ ဇွန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးအနက် ၇၀ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် ကျေးလက်နေပြည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် လယ်ယာလုပ်ကိုင်သူများ၏ လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးနေသည်ကို မြင်တွေ့နေကြရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အလေးထားမြှင့်တင် ဆောင်ရွက် ပေးခဲ့သည်ကို တွေ့ရသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက “ပြည်ထောင်စုတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများရဲ့ သိမ်းဆည်းခံရတဲ့ လယ်ယာခြံမြေများအပေါ် နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးကြရန်၊ စွန့်လွှတ်ရန် မဖြစ်နိုင်တဲ့ သိမ်းဆည်းခံ လယ်ယာခြံမြေများအတွက် လျော်ကြေး၊ နစ်နာကြေး ပေးကြရန်၊ စွန့်လွှတ်မြေများကို အမြန်ဆုံးပြန်လည် အပ်နှံပေးနိုင်ရေး၊ အမည်ပေါက်ရရှိရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်၊ ပြန်လည်စွန့်လွှတ်မြေများအား မသက်ဆိုင်သူ လက်ဝယ်သို့ ရောက်ရှိခြင်း မရှိစေဘဲ သက်ဆိုင်သူ တောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိစေရေး စိစစ်ပေးကြရန်” မှာကြားခဲ့သည်။
ထို့အပြင် စွန့်လွှတ်မြေများပေါ်တွင် ကျူးကျော်များဝင်ရောက်နေမှုအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းပေးရေး၊ နိုင်ငံတော်နှင့် အများပြည်သူအကျိုးအတွက် သိမ်းဆည်းမြေများကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ မှန်ကန်စွာ စီမံခန့်ခွဲပေးရေးတို့ကို ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များအနေဖြင့် လိုအပ်သည်ထက် အချိန်ဆွဲ ဖြေရှင်းခြင်းမပြုကြဘဲ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက် စီမံခန့်ခွဲဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများ အသက်မွေးဝမ်းကျောင်း ပြုကြသည့် လယ်ယာမြေများမှာ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့ လယ်ယာမြေများ သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထိုအခါ လယ်ယာလုပ်ကိုင်သည့် တောင်သူလယ်သမားများ အသက်မွေးဝမ်းကျောင်းမှု အခက်အခဲဖြစ်ပြီး လူမှုစီးပွားဘဝ နိမ့်ကျခဲ့ရသည်။ ဥပဒေမဲ့ သိမ်းဆည်း ခံရသည့် လယ်ယာမြေများတွင် စီမံကိန်းများ လုပ်ကိုင်ခြင်းမရှိ၊ အောင်မြင်အောင် ဆောင်ရွက်ခြင်းလည်းမရှိဘဲ အများပြည်သူအကျိုး၊ နိုင်ငံတော် အကျိုးအတွက် အသုံးပြုမှုမရှိခြင်း စသည့်အကြောင်းများကြောင့် ဥပဒေမဲ့ သိမ်းဆည်းခံရသည့် လယ်ယာမြေများ သိမ်းဆည်းခံ တောင်သူလယ်သမားများ လက်ဝယ်သို့ ပြန်လည် ရောက်ရှိစေရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးပြီးနောက် ၂၀၁၆ ခုနှစ် မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ရာ လယ်ယာကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် သိမ်းဆည်းခံမြေများအား သိမ်းဆည်းခံရသည့် တောင်သူလယ်သမားများ၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိရေး နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက် စီမံခန့်ခွဲ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။
ကြေးမုံ