နေပြည်တော် ၁၅ ဒီဇင်ဘာ
တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ၁၃၈၀ ပြည့်နှစ် နတ်တော်လဆန်း ၁၁ ရက်၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၆ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြုချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တောင်သူလယ်သမားများ မနစ်နာစေရေးအတွက် ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် လုံခြုံစိတ်ချရေးအတွက် ကာကွယ်ဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ဦးတည်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက ဥပဒေမူကြမ်းတွင် ထည့်သွင်းပါဝင်သင့်သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်ချက်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


