မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် မိုးခေါင်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိရာ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ၌ ယင်းအခက်အခဲများ ကျော်လွှားနိုင်ရန် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံ စမ်းသပ်စီမံကိန်းကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းကို ဖော်ဆောင်ရန် မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံမှ ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံစီမံကိန်း နည်းပညာရပ်ဆိုင်ရာ အကြံပေး Sompo Japan Nipponkoa Insurance Inc . (SOMPO) တို့ပူးပေါင်း၍ စမ်းသပ်စီမံကိန်း ဖော်ဆောင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ကျင်းပသည်။

 

ယင်းစီမံကိန်းအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဂျပန်နိုင်ငံ နည်းပညာရပ်ဆိုင်ရာ အကြံပေးကုမ္ပဏီ (SOMPO) မှ မြန်မာနိုင်ငံကိုယ်စားလှယ် Mr.Keiji Okada တို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြသည်။

 

မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက “စမ်းသပ်ဆောင်ရွက်တာကို တစ်နှစ်သတ်မှတ်ထားပါတယ်၊ စမ်းသပ်ဧရိယာတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးက ရွှေဘိုမြို့နယ်နဲ့ ပဲခူးတိုင်းဒေသကြီးက ပြည်မြို့တို့ကို ရွေးချယ်ထားပါတယ်၊ တောင်သူဦးကြီးတွေအနေနဲ့ နောက်တစ်ရာသီစိုက်ပျိုးရာမှာ ရာသီဥတုကြောင့် ထိခိုက်နစ်နာမှုတွေကို ပြန်လည်ပေးဆပ်နိုင်အောင် ခုလို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်၊ အာမခံစနစ် အကောင်အထည် ဖော်ဆောင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဝန်ထမ်းတွေကို သင်တန်းတွေပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

အဆိုပါ စီမံကိန်းကို ဖော်ဆောင်ရာတွင် သတ်မှတ်ထားသည့်သီးနှံမှာ ဆန်စပါးဖြစ်ပြီး အာမခံအကာအကွယ်မှာ မိုးခေါင်ခြင်း သဘာဝဘေးအန္တရာယ်ဖြစ်သည်။ တောင်သူလယ်သမားများအတွက် ချေးငွေစရိတ်ထုတ်ပေးသည့် ဖေဖော်ဝါရီလမှစ၍ အာမခံရောင်းချသွားမည်ဖြစ်ကာ အာမခံကာလမှာ မိုးရာသီဖြစ်သည့် ဇူလိုင်လမှ အောက်တိုဘာလအထိ သတ်မှတ်ထားကြောင်း၊ ထိုလေးလအတွင်း ရွာသည့်မိုးရေချိန် စံနှုန်းများကို ဂျပန်နိုင်ငံမှ လွှတ်တင်ထားသည့် Glဝbal Satellite Map ကိုသုံး၍ Data များ ကောက်ယူကာ ရွေးချယ်ထားသည့် မြို့များအား တိုင်းတာသွားမည်ဖြစ်ကြောင်း သိရသည်။ ပထမနှစ်လတွင် သတ်မှတ်မိုးရေချိန် ပမာဏအောက် လျော့နည်းလျင် အာမခံထားသည့် တောင်သူများက အာမခံငွေ၏ ၂၀ ရာခိုင်နှုန်းကို လျော်ကြေးအဖြစ် ရရှိမည်ဖြစ်ပြီး ဒုတိယနှစ်လတွင်လည်း သတ်မှတ်မိုးရေချိန်အောက် လျော့နည်းပါက အာမခံလျော်ကြေးအဖြစ် ၃၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် သီးနှံအာမခံဆောင်ရွက်ရန် ဆန္ဒရှိသူ တောင်သူလယ်သမားများကို ရာသီလိုက်ချေးငွေ လျှောက်လွှာနှင့်အတူ ရာသီဥတုညွှန်းကိန်း အခြေပြု သီးနှံအာမခံနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖြန့်ဝေသွားမည်ဖြစ်သည်။ အာမခံထားရှိလိုပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (သို့မဟုတ်) သက်ဆိုင်ရာ မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးခွဲများသို့ ဆက်သွယ်ထားရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံ စမ်းသပ်စီမံကိန်းပြီးဆုံးပါက မြန်မာအစိုးရ၏ ထောက်ခံချက်ဖြင့် စီမံကိန်းဆောင်ရွက်မည့် ဒေသများကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မြတ်စန္ဒီ
ဓာတ်ပုံ-မွန်းဦးနဒီ