တောင်သူလယ်သမားများအတွက် ထိရောက်အကျိုးရှိစေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (JICA, Two Step Loan)

မင်းမောင်မောင်

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အဆင့်နှစ်ဆင့်ချေးငွေ (JICA, Two Step Loaan)

ဂျပန်နိုင်ငံအစိုးရမှ မြန်မာအစိုးရသို့ တစ်ဆင့်ထုတ်ချေးပြီး မြန်မာအစိုးရက တောင်သူလယ်သမားများသို့ တစ်ဆင့်ပြန်လည် ထုတ်ချေးသည့်ချေးငွေပုံစံဖြစ်၍ နှစ်ဆင့်ချေးငွေ Two Step Loan ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ချေးငွေရယူသည့် တောင်သူလယ်သမားများက ပြန်လည်ပေးဆပ်သည့်ငွေကို သတ်မှတ်ကာလအလိုက် မြန်မာအစိုးရက ဂျပန်အစိုးရသို့ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ JICA, Two Step Loan ချေးငွေစီမံကိန်းမှာ မြန်မာနိုင်ငံ SME ကဏ္ဍအတွက် ထုတ်ချေးသည့် ချေးငွေနှင့် လယ်ယာကဏ္ဍအတွက် ထုတ်ချေးသည့် Two Step Loan ဟူ၍နှစ်မျိုးရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့်ချေးငွေမှာ လယ်ယာကဏ္ဍ အတွက်ထုတ်ချေးသည့် Agriculture and Rural Development Two Step Loan (စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ) အမျိုးအစားဖြစ်ပါသည်။

JICA, Two Step Loan ချေးငွေစီမံကိန်းကို တောင်သူများ ကာလရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချေးငွေများ အလွယ်တကူရရှိစေရန်၊ ချေးငွေများထုတ်ချေးပေးခြင်းဖြင့် လယ်ယာကဏ္ဍနှင့် လယ်ယာ ကိုအခြေခံသော စီးပွားရေးကဏ္ဍတို့၏ ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသနှင့် မြို့ပြဒေသ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ် ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေ (JICA, Two Step Loan) အစီအစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် “ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့် လွန်စွာမှ ကိုက်ညီသော အစီအစဉ်တစ်ခုဖြစ်ပါသည်။

စီမံကိန်းဖြစ်ပေါ်လာပုံ

မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများအနက် မြန်မာနိုင်ငံ၏ ကျေးလက်နေတောင်သူလယ်သမားများ၏ လူမှုဘဝတိုးတက်မြင့်မားစေရေးနှင့် မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် JICA, Two Step Loan စီမံကိန်း ဖြစ်ပေါ်ရန်အတွက် JICA က ကွင်းဆင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ နှစ်နိုင်ငံစာချုပ်များ ချုပ်ဆို ခြင်း စသည့်စီမံကိန်းဆိုင်ရာအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က)    စီမံကိန်းအတွက် JICA က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအချို့သို့ ကွင်းဆင်းပြီး Preparatory Survey ဆောင်ရွက်ခဲ့ပါသည်။

(ခ )    ၂၀၁၆ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း JICA Head Office, Japan မှ Mr. Hiroaki Imai (Assistance Director, Southeast Asia & Pacific Department) ဦးဆောင်သော အဖွဲ့သည်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဘဏ်၏ချေးငွေမူဝါဒဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ ကိန်းဂဏန်းအချက်အလက်များ ကောက်ယူခြင်း၊ အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။

(ဂ )    ၈-၇-၂၀၁၆ နေ့မှ ၁၁-၇-၂၀၁၆ နေ့ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့နှင့် JICA တာဝန်ရှိသူတို့ အကြိမ်ကြိမ်ဆွေးနွေးပြီး JICA Project Facts Finding Mission (Appraisal Mission) အဖွဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်သို့ စေလွှတ်ခဲ့ပါသည်။ 

(ဃ)    Appraisal Mission အဖွဲ့ကပြုစုသည့် Minutes of Discussions (MD) အား မြန်မာနိုင်ငံအစိုးရဘက်မှ ငွေတိုက် ဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံ အစိုးရဘက်မှ JICA တို့ ၂၉-၇-၂၀၁၆ ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

(င )    JICA, Two Step Loan စီမံကိန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ အတည်ပြုခဲ့ပါသည်။    

ချေးငွေပမာဏ၊ အတိုးနှုန်း၊ သက်တမ်းနှင့် ချေးငွေလုပ်ငန်းအမျိုးအစားများ

(က)    ချေးငွေပမာဏဂျပန်ယန်း ၁၅၁၃၅ သန်း၊ မြန်မာငွေကျပ် ၂၀၀၀၀၀ သန်းခန့်၊

(ခ )    ချေးငွေသက်တမ်း- ၄၀ နှစ် (ဆိုင်းငံ့- ၁၀နှစ်၊ ပြန်ဆပ်- ၃၀နှစ်)၊

(ဂ )    ချေးငွေရယူမည့်တောင်သူသည် စက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို စုဆောင်းငွေ (အပ်ငွေ) အဖြစ် ဘဏ်တွင် အပ်နှံထားရမည်ဖြစ်ပြီး အပ်ငွေအပေါ် ငါးရာခိုင်နှုန်းအတိုး ဘဏ်မှ ပြန်ပေးပါသည်။ 

(ဃ)    တောင်သူများသို့ချေးငွေထုတ်ချေးခြင်း

    (၁)    ချေးငွေအတိုးနှုန်း ၅ ရာခိုင်နှုန်း၊ 

    (၂)    ချေးငွေသက်တမ်း သုံးနှစ်၊ ငါးနှစ်၊

    (၃)    ချေးငွေပမာဏ    

     (ကက) တစ်ဦးချင်း ကျပ်သိန်း (၇၀၀)ထိ၊

     (ခခ) အစုအဖွဲ့အလိုက် ကျပ်သိန်း (၅၀၀၀)ထိ၊

    (၄)     ထုတ်ချေးမည့်လုပ်ငန်း အမျိုးအစားများ

     (ကက) နှစ်တိုချေးငွေ(၃နှစ်)

        လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး (ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်မှအပ) 

 (ခခ )    နှစ်ရှည်ချေးငွေ(၅နှစ်)

    ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ဂိုဒေါင်၊ အစာစပ်စက်ရုံ၊ ဆီသွပ် စက်ရုံ စသည့်စက်ရုံများ၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo)၊ လယ်ယာသုံး ထရပ်ကား (Farm Truck) စသည်....

လက်ရှိ JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ

စီမံကိန်းစတင်သည့် ၂၁-၁-၂၀၁၇ ရက်နေ့မှ ၂၀-၉-၂၀၂၂ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမား များသို့ လယ်ယာကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများကို JICA, Two Step Loan ချေးငွေ အဓိကဖြင့် ထုတ်ချေးထားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခု

(ခ )    မြို့နယ်ပေါင်း    ၁၈၇    မြို့နယ်

(ဂ )    တောင်သူပေါင်း    ၅၅၉၂    ဦး

(ဃ)    စက်စီးရေ     ၅၅၉၂     စီး

(င )     ချေးငွေပမာဏ(ကျပ်)     ၂၃၀၉၄၇.၄၃၈    သန်း 

JICA ထံမှ ရယူသည့် ချေးငွေကျပ် ၁၉၇ ဒသမ ၇ ဘီလီယံအား ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အားလုံးရယူပြီး တောင်သူလယ်သမားများထံသို့ ထုတ်ချေးထားပြီးဖြစ်ပါသည်။ ချေးငွေရယူထားသည့် တောင်သူများက တစ်နှစ်တစ်ကြိမ် အရစ်ကျပြန်လည်ပေးဆပ်သည့်အရင်းငွေများကို Revolving Fund (လှည့်ပတ်ရန်ပုံငွေ) အဖြစ် ဘဏ်တွင် စုဆောင်းထားပြီး JICA, TSL ချေးငွေသစ် လျှောက်ထား၍ တင်ပြလာသည့် တောင်သူများအား ချေးငွေဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိစစ်ထုတ်ချေးလျက်ရှိပါသည်။ နှစ် ၄၀ အထိ ရယူ အသုံးပြုနိုင်သည့် နှစ်ရှည်ချေးငွေဖြစ်သည့်အတွက်လည်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ တောင်သူဦးကြီးများထံသို့ ငါးနှစ်တစ်ကြိမ်ဖြင့် အနည်းဆုံး ရှစ်ကြိမ်အထိ လှည့်လည်အသုံးပြုနိုင်မည့် ထိရောက်အကျိုးရှိသည့် ချေးငွေဖြစ်ပါသည်။
 
JICA, TSL အား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (PMU)၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အဆင့်ဆင့်အား ဖွဲ့စည်းပြီး စနစ်တကျ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

JICA, Two Step Loan ချေးငွေကြောင့် တောင်သူလယ်သမားများနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါသည်-

(က)    တောင်သူလယ်သမားအတွက်သာ ရည်ရွယ်ဆောင်ရွက် ပေးသည့်စီမံကိန်းဖြစ်ပါသည်။ 

(ခ )    တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းသာ ပေးဆောင်ရသဖြင့် အတိုးနှုန်းသက်သာသောချေးငွေဖြစ်ပါသည်။

(ဂ )    တောင်သူများအနေဖြင့် ၎င်းတို့အမည်ပေါက်ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) မူရင်း၊ ၃၀ ရာခိုင်နှုန်းစုဆောင်းငွေ၊ အာမခံသူနှစ်ဦးတို့၏ အာမခံချက်ဖြင့် ချေးငွေရယူနိုင်ပါသည်။

(ဃ)    တောင်သူများက ချေးငွေပြန်လည်ပေးဆပ်ရာတွင် တလုံးတခဲတည်း ပြန်ဆပ်ရန်မလိုဘဲ တစ်နှစ်တစ်ကြိမ် အရစ်ကျ ပြန်လည်ပေးဆပ်ရခြင်းဖြစ်သဖြင့် ချေးငွေအတွက်ဝန်ထုပ် ဝန်ပိုးနည်းပါးစေပါသည်။

(င )    တောင်သူအနေဖြင့် JICA, TSL ချေးငွေဖြင့် မိမိအကျိုးကိုသာမက မိမိရပ်ရွာဒေသနေ ဘဝတူတောင်သူများ၏အကျိုးကိုပါ ကူညီဆောင်ရွက်ပေးနိုင်သည့် အတ္တ၊ ပရမျှတအကျိုး ရှိသောချေးငွေဖြစ်ပါသည်။

(စ )    လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေပါသည်။

JICA, Two Step Loan ချေးငွေသည် တောင်သူလယ်သမားများ အတွက်သာမက မြန်မာနိုင်ငံအတွင်း လယ်ယာသုံးစက်ကိရိယာများ ရောင်းချနေသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ၊ လုပ်ငန်းများနှင့် အဆိုပါ လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူဝန်ထမ်းများအတွက်လည်း အကျိုးရှိစေသည့် အစီအစဉ်၊ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖော်ဆောင်ပေးနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပါသည်။ စက်ကိရိယာ ရောင်းချသည့်လုပ်ငန်းရှင်၊ ကုမ္ပဏီများအနေဖြင့်လည်း အရည်အသွေး ကောင်းမွန်သောစက်ကိရိယာများ ရောင်းချပေးရေး၊ စက်အပိုပစ္စည်းများ အလွယ်တကူရရှိနိုင်ရေး၊ စက်ကိရိယာကိုင်တွယ်ထိန်းသိမ်းမှု သင်တန်းများပေးရေး၊ After Sale Services ကို အကောင်းဆုံး ဆောင်ရွက်ပေးရေးတို့အား စေတနာထား၍ ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

JICA, TSL ချေးငွေရယူလိုသူ တောင်သူများအနေဖြင့် JICA, TSL ချေးငွေရယူလိုပါက တောင်သူ၏ အမည်ပေါက်မြေပိုင်ဆိုင်မှု (ဂရန်မြေ သို့မဟုတ် လယ်ယာမြေ) ၃၀ ရာခိုင်နှုန်းစုဆောင်းငွေ၊ ဝင်ငွေတိုးတက် ရှာဖွေနိုင်မှု၊ ချေးငွေပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို ကြိုတင်တွက်ချက် ပြင်ဆင်စဉ်းစားပြီး အောက်ပါအချက်များနှင့်အတူ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ချေးငွေလျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်-

(က)    တောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

(ခ )    အိမ်ထောင်စုစာရင်းမိတ္တူ

(ဂ )    ငွေစုစာအုပ်မိတ္တူ

(ဃ)    လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)မိတ္တူနှင့် ပုံစံ (၁၀၅) မိတ္တူ

(င )    ပူးတွဲအာမခံသူနှစ်ဦး

(စ )    ချေးငွေအဆိုပြုသူတောင်သူ၏ သုံးနှစ်အတွင်း ဝင်ငွေနှင့် အသုံးစရိတ်မှတ်တမ်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နှစ်ဆင့်ချေးငွေ (JICA, Two Step Loan)စီမံကိန်းသည် ၂၀၁၇ ခုနှစ်မှ ၂၀၅၇ ခုနှစ်အထိ နှစ် (၄၀) နှစ်ချုပ် အသုံးပြုနိုင်သည့် အတိုးနှုန်းသက်သာသော စီမံကိန်းတစ်ခုဖြစ်ပါသည်။ JICA, TSL စီမံကိန်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများနှင့် လယ်ယာကဏ္ဍအတွက် များစွာထိရောက်အကျိုးရှိစေသည့် စီမံကိန်းဖြစ်သဖြင့် JICA, Two Step Loan စီမံကိန်း ရေရှည်တည်တံ့ (Sustainable) အောင်မြင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်သူများနှင့် လယ်ယာစီးပွားလုပ်ငန်း ဆောင်ရွက်နေကြ သည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များအားလုံး စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်တစ်ဝန်းလုံးမှ လုပ်ကိုင်နိုင်စွမ်းရှိသည့် တောင်သူဦးကြီးများအနေဖြင့်လည်း JICA, Two Step Loan ဆိုင်ရာ သိလိုသည်များ၊ ချေးငွေရယူလျှောက်ထားခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများသို့ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါကြောင်း အသိပေးတိုက်တွန်းအပ်ပါသည်။    ။