ပုသိမ် ဖေဖော်ဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်း (Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်း၊  တံတားအရှည် ၃၈၄ မီတာ (၁၂၆၀ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၇.၃ မီတာ၊ လူသွားလမ်းအကျယ် ၀.၆ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၆၀ မီတာ (၂၀၀ ပေ)၊ ရေလမ်းကင်းလွတ် အမြင့် ၆.၀ မီတာ (၂၀ပေ)၊ တံတားခံနိုင်ဝန် H.S - 25 (AASHTO)လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်ထားသော ကာလများအတွင်း အချိန်မီပြီးစီးစေရေး၊ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေး လုပ်ငန်းများ အလေးထားဆောင်ရွက်ရန် မှာကြားသည်။ အဆိုပါ  ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်း အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၉၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ် ၂ ရက်တွင် ပြုလုပ်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ပြသထားရှိရန် ပြင်ဆင်ထားရှိမှုများနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအားလုံး ပြသနိုင်ရေး၊ တောင်သူများအား ပါဝင်တက်ရောက်စေရေး ယခင်နှစ်များထက် ကဏ္ဍစုံပါဝင်စေရေး လိုအပ်သည်များကို မှာကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)