နေပြည်တော်   မတ်   ၁

 

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ် ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကုသဆောင်ရှေ့ မျက်နှာစာ၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်နယ်မှူးနှင့် တပ်မတော်အရာရှိကြီးများ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးတပ်နယ်မှူးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်တို့က အရိုးရောဂါအထူးကုဆေးရုံကြီး-မန္တလေး (၄)ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ နှင့်အတူ (၄)ထပ်ကုသဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု၍ ကုသရေးလုပ်ငန်းများ ပြောင်းရွှေ့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဖွင့်ပွဲဒုတိယပိုင်းအစီအစဉ်ကို တတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကုသမှုအရည်အသွေးမြင့်မားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံမှု တိုးတက်စေရေးအတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင် ခြင်းတို့နှင့်အတူ အရည်အသွေး ဒီဇိုင်းကောင်းမွန်သော ဆေးရုံအဆောက်အဦသစ်များ ဖြည့်ဆည်း ဆောက်လုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းခြင်း၊ ခေတ်မီဆေးရုံသုံးစက်ကိရိယာများ ဝယ်ယူထောက်ပံ့ခြင်း၊ အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်ကို တိုးမြှင့်ခန့်ထားခြင်း၊ လေ့ကျင့် မွေးထုတ်ခြင်း၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း စသည့်လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် ပြည်သူ့ဆေးရုံများ တွင် ဆေးရုံအဆောက်အဦများ တိုးချဲ့ဆောက်လုပ်သကဲ့သို့ သင်ကြားရေးပိုင်းတွင်လည်း အဆောက် အဦများ တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ မန္တလေးမြို့တွင် ဗဟိုအဆင့်ဆေးရုံ (၈)ရုံဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အဆောက်အဦကို ရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများကို နွေးထွေးပျူငှာစွာ ဆက်ဆံ၍ ပြည်သူများ အားကိုးယုံကြည်ရသည့် ဆေးရုံဖြစ်စေရေး ဆက်လက် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး အရိုးရောဂါအထူးကု ဆေးရုံကြီး-မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ဝင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို နေရာအရောက်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။           

 

အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးတွင် အထွေထွေအရိုးရောဂါကုသခြင်း၊ ခါးရိုးပိုင်း ဆိုင်ရာခွဲစိတ် ကုသခြင်း၊ လက်ပိုင်းဆိုင်ရာအနုစိတ်ခွဲစိတ်ကုသခြင်း၊ ဒူးဆစ်ရိုး၊ ပေါင်ထိပ်ရိုး အစားထိုးကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး             အရိုးရောဂါဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဌာနတို့မှ ရုံးဖွင့်ရက်များတွင် နေ့စဉ်ပြင်ပလူနာ ကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် မွေးရာပါ ခြေခွင်လူနာများအား ကြည့်ရှုကုသပေးခြင်း၊ အရိုးရောဂါအထူးပြု ပါရဂူဘွဲ့သင်တန်းသားများ၊ မဟာဘွဲ့သင်တန်းများ၊ သူနာပြု အရိုးအထူးပြု ဒီပလိုမာ သင်တန်းသားများနှင့် မဟာဘွဲ့သင်တန်းသားများကိုလည်း လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။ ယခုဖွင့်လှစ်သော (၄)ထပ် ကုသဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦအထူးအဖွဲ့(၆)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် (၂,၀၅၆.၀၇) သန်း အသုံးပြုကာ တည်ဆောက်ခဲ့ကာ (၃၇၂၀၀ စ/ပေ) အကျယ်အဝန်းရှိပြီး၊  မြေညီထပ်တွင် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသဆောင်၊ ပထမထပ် တွင် ကျောရိုးခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် အဆစ်အစားထိုးခွဲစိတ် ကုသဆောင်နှင့် တတိယ ထပ်တွင် အရိုးကင်ဆာခွဲစိတ်ကုသဆောင်နှင့်အစည်းအဝေးခန်းများ ပါဝင်ဖွဲ့စည်းထား၍ လူနာများ အဆင်ပြေစေရေးအတွက် ပင်မ လှေကား(၁)ခုဘေးလှေကား (၂)ခုအပြင် (၂၁)ဦးဆံ့ ဓာတ်လှေကား (၁)ခုနှင့် (၈)ဦးဆံ့ ဓာတ်လှေကား(၁)ခုကိုလည်း တပ်ဆင် ထားကြောင်း သိရှိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုအမျိုးသမီးဆေးရုံကြီး-မန္တလေး  မွေးကင်းစ ကလေး အထူးကြပ်မတ်ကုသဆောင်ကို လှည့်လည်ကြည့်ရှုပြီး သီးသန့်ခန်း၌ ပြုစုစောင့်ရှောက် ထားသော ဗိုက်ချင်းဆက်အမြွှာကလေးများဖြစ်ကြသည့် ကြာညိုသင်းနှင့် ကြာညိုသိမ့်တို့ကို ကြည့်ရှု၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး အဆိုပါကလေးများအား လက်ရှိကျန်းမာရေး အခြေအနေ၊ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေး အတွက် လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

အဆိုပါဗိုက်ချင်းဆက်အမြွှာကလေးများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၈)ရက်တွင် ဗဟိုအမျိုးသမီး ဆေးရုံကြီး-မန္တလေး၌ ခွဲစိတ်မွေးဖွားခဲ့ပြီး ဝမ်းဗိုက်ချင်းဆက်ကာ ကိုယ်တွင်းရှိအသည်း၌ ဆက်စပ်မှုများ ရှိသည့် Omphalopagus Type အမြွှာဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အဆိုပါ ကလေး များအား သင့်လျော်သည့်အချိန်တွင် ကလေးဆေးရုံကြီး-ရန်ကုန်သို့ လွှဲပြောင်းကာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ/ အတွေ့အကြုံရှိ သည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပူးပေါင်း၍ လိုအပ်သောကုသမှုများကို အကြံပြုဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်း၌ ဆေးရုံအုပ်ကြီး၊ ပါ‌မောက္ခ၊အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကိုအသုံးပြု၍ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိရာ ပြည်သူလူထု၏ ကျန်းမာရေးအသုံး စရိတ် စိုက်ထုတ်ကုန်ကျငွေ လျော့နည်းကျဆင်းရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရေးကို အလေးထားဆောင်ရွက်ပေးရန်၊ လူနာဘေးကင်း လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း စနစ်တကျ ဆောင်ရွက်ကြရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စ များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

(သတင်းစဉ်)