နေပြည်တော် မတ် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်း၌ “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့် ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ လယ်ယာကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများနှင့် မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များ၊ နေပြည်တော် ကောင်စီနယ်မြေ မြို့နယ်များမှ တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ်လုပ် တင်သွင်းဖြန့်ဖြူးရောင်းချ သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသည့် အနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားပိုင်ကုမ္ပဏီများသာမက နိုင်ငံခြားသားကုမ္ပဏီများပါ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုကို ဆောင်ရွက်နေနိုင် ကြပြီဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများ အကျိုးကိုရှေးရှု့ပြီး မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိက ကဏ္ဍများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မျိုးစေ့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ခြင်းနှင့်ဆက်စပ်သောလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ အနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းကိုက်ညီပြီး ဒေသအလိုက်အောင်မြင် ဖြစ်ထွန်းမှု ရှိသော အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြခြင်းဖြင့် မျိုးစေ့ထုတ်လုပ်သူများနှင့် သုံးစွဲသူ တောင်သူလယ်သမားများ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းကြစေရေး ဦးတည်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းအဖွဲ့များက ခင်းကျင်းပြသထားသည့် ပြခန်းများ၊ သီးနှံမျိုးနမူနာများ စမ်းသပ်စိုက်ပျိုး ထားသည့် စိုက်ကွင်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP) စံပြစိုက်ခင်းများကို လှည့်လည် ကြည့်ရှုကြသည်။
ယခုကျင်းပလျက်ရှိသည့် “မျိုးစေ့ပြပွဲ ၂၀၂၄” (Seed Fair 2024) ကို မတ် ၁ ရက်မှ ၃ ရက်အထိ ခင်းကျင်း ပြသသွားမည်ဖြစ်၍ တောင်သူလယ်သမားများ၊ သီးနှံမျိုးစေ့ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း စိတ်ဝင် စားသူများ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)