သိန်းဇော်(ရွှေလီဦး)
မုတ်သုံရာသီကာလရောက်ခဲ့လေပြီ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် ရှေးစကားကို မစောင့်တော့ဘဲ မုတ်သုံမိုးကောင်းမှုကြောင့် နယုန်မိုးသေး၊ မြက်သားမမွေးနိုင်တော့ဘဲ လယ်ထဲ၊ ကွင်းထဲတွင် မိုးရေတွေဖွေးနေလေပြီ။ ထို့ကြောင့် မိုးကောင်းရေသောက် ဒေသများတွင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသည့် မြင်ကွင်းကား နေရာအနှံ့တွေ့နေရပြီ။
ထွန်စက်ကြီး၊ ထွန်စက်ငယ်တို့ဖြင့် လည်း ကောင်း၊ လယ်ယာသုံးစက်ငယ်များဖြင့်လည်း ကောင်း ထွန်ယက်စိုက်ပျိုးနေကြသည်မှာ စက်သံများ ပဲ့တင်ထပ်လျက်ရှိနေတော့၏။ ယခင်ကာလက နွားငေါက်သံ၊ နွားမောင်းသံများနှင့်အတူ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းလုပ်ငန်းတို့မှာ ဟိုအဝေးတွင် ကျန်ခဲ့လေပြီ။ တောင်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် မိသားစုလိုက် ရုန်းကန်လှုပ်ရှားရင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများ ဘဝသည် လုံးချာလည်လျက် ကြွေးဟောင်းဆပ်၊ ကြွေးသစ်ယူ၊ ကြွေးသံ သရာထဲမှ ရုန်းမထွက်နိုင်ခဲ့ကြပေ။
ထိုကာလများတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ခေတ်အဆက်ဆက်တွင် စနစ်အမျိုးမျိုးဖြင့် တောင်သူလယ်သမား များဘဝကိုမြှင့်တင်ခဲ့ကြ၏။ သို့သော် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထို့အတူ တောင်သူလယ်သမားများဘဝသည်လည်း လူမှုဘဝမဖွံ့ဖြိုးခဲ့။ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုလုပ်ငန်းများ မတိုးတက်ခဲ့။ ထိုလုပ်ငန်းများတိုးတက်ရန် အရင်း အနှီး အထူးလိုအပ်လျက်ရှိနေသည်။ စိုက်ဘဏ်မှချေးသော ငွေဖြင့်လည်း မလည်ပတ်နိုင်တော့။ ထို့ကြောင့် လယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုမရှိသလို၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်များစွာကလည်း တောင်သူလယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းနှင့်အတူ အခက်အခဲများစွာ ကြုံတွေ့ ရလေပြီ။ ထို့ကြောင့် လယ်သမားအများစုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်နိုင်ရေး အထူးကြိုးစားခဲ့ရသော ကာလများပင်။
ထိုကာလများကို သောင်မတင်၊ ရေမကျဆိုသကဲ့သို့ ကျော်ဖြတ်လာပြီးနောက် “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလို ကျေးရွာများတွင် သမဝါယမအသင်းများ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ထိုအသင်းများ၏ ရည်ရွယ်ချက်မှာ အသင်းသားများစုပေါင်း၍ ဆောင်ရွက်ခြင်း၊ တစ်ရွာ ထုတ်ကုန်တစ်မျိုးဆိုသလို ဒေသထွက်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာခြင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာခြင်း၊ ချေးငွေစနစ်ဖြင့် အသင်းသားများ၏ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများကို အထောက်အပံ့ဖြစ်လာ ခြင်းစသည်ဖြင့် အကောင်အထည်ဖော်လာကြသည်။
ရောင်နီသန်းချိန်
အစဉ်အလာကောင်းတစ်ခု၏ ရောင်နီသန်းချိန် ဖြစ်လာခဲ့သည်။ ယခုအခါ ကျေးရွာသမဝါယမ အသင်းများကို သမဝါယမ၏တန်ဖိုးနှင့်အညီ ဖွဲ့စည်းပေးခဲ့သည်။ သမဝါယမတန်ဖိုးသည် မိမိကိုယ်မိမိတာဝန်ယူခြင်း၊ ကူညီခြင်း၊ ဒီမိုကရေစီ တန်းတူညီမျှမှု၊ တရားမျှတမှု စသည့်တန်ဖိုးများအပေါ် အခြေခံထားရှိပြီး ထုံးတမ်းအစဉ်လာအရ ရိုးသားမှု၊ ပွင့်လင်းမှု၊ လူမှုရေးရာတာဝန်ယူမှုများမှာ သမဝါယမ၏ ကျင့်ဝတ်တန်ဖိုးများဖြစ်ပါသည်။ ထို့အတူသမဝါယမ၏ အခြေခံမူများ၏ အဓိက အချက်များတွင် စုပေါင်းဆောင်ရွက်ခြင်းသည် အခြေခံကျပါ၏။ (အာရှ - ပစိဖိတ် အပြည်ပြည်ဆိုင်ရာ သမဝါယမမဟာမိတ်အသင်း၊ ICA - AP) ၏ အဆို အရ သမဝါယမအသင်းများသည် အများသဘောတူ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်၊ ရည်မှန်းချက်ပြီးမြောက်စေရန် အသင်းဝင် ကိုယ်တိုင် စီမံဆောင်ရွက်ရသည်။ ပြည်သူ့ဗဟိုပြု စီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု လေ့လာ မှတ်သားခဲ့ရပါသည်။
ထို့ကြောင့် သမဝါယမအသင်းသားတစ်ဦး ဖြစ်လာသည်နှင့်အညီ စုပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်သည်လည်း ရရှိပြီးဖြစ်ပါသည်။ ထိုကဲ့သို့ စုပေါင်းဆောင်ရွက်ရာတွင် ကျေးလက်နေ ပြည်သူများ (ဝါ) သမဝါယမအသင်းသားများ ဖြစ်သော ဆန်စပါးထုတ်လုပ်စိုက်ပျိုးသော တောင်သူလယ်သမားများ၊ မွေးမြူရေးအသင်းသား များအနေဖြင့် အလွန်တန်ဖိုးရှိသော ရလဒ်တစ်ခု ဖြစ်လာခဲ့ပါသည်။
ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူ ရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ကြားသိနေရပါသည်။ ထို့အတူ ကျွန်တော်တို့နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရကြပြီး လူမှုစီးပွားဘဝတိုးတက်နေသည့် မြင်ကွင်းများ၊ သတင်းစကားများ အားရဖွယ်ရာ ကြားသိနေရသည်။ တောင်သူလယ်သမားအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ကြီးဌာနများကို အထူးကျေးဇူးတင်ကြောင်း စကားသံများလည်း ကြားသိနေရသည်။
ကြွေးကြီးဆပ်တဲ့နှစ်
“ကျွန်တော်တို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက် ကတည်းက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အရင်းအနှီး၊ အထူးသဖြင့် သွင်းအားစုအတွက် အလွန်လိုအပ်ခဲ့ပါတယ်။ ဟိုအဖွဲ့က ချေးမယ်၊ ဒီကုမ္ပဏီကချေးမယ်နဲ့ အသံတွေသာကြားပြီး တကယ်ဖြစ်မလာခဲ့ပါဘူး၊ အခုနိုင်ငံတော်ရဲ့ စေတနာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ ခရိုင်/မြို့နယ် တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက် ပေးမှုကြောင့် ယမန်နှစ်က ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီကစပြီး ရာသီအမီသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေ ဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးစတာ တွေကို တစ်ဧကနှစ်သိန်းနှုန်းတန်ဖိုးရှိတဲ့ သွင်းအားစုတွေရခဲ့တာကြောင့် တစ်ဧက ပန်းတိုင် အထွက်နှုန်းတွေတိုးတက်ရရှိခဲ့သလို နွေစပါးမှာလည်း ပန်းတိုင်အထွက်နှုန်းကျော်လွန်တဲ့အထိ အထွက် ကောင်းခဲ့ပါတယ်။ ဆောင်းသီးနှံဖြစ်တဲ့ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲတွေလည်း အထွက်ကောင်း ခဲ့လို့ ကျွန်တော်တို့အနေနဲ့ မိဘဘိုးဘွားတွေ ပြောခဲ့သလို ကြွေးကြီးဆပ်တဲ့နှစ်ပါပဲ၊ လာမယ့် နှစ်တော့ စီးပွားဖြစ်ပြီပေါ့ဗျာ” ဟု ရေကြည်မြို့နယ် ကြို့ကုန်းရွာ ပန်းတောသမဝါယမ အသင်းသားတစ်ဦးဖြစ်သူ လယ်သမားကြီးတစ်ဦးလည်း အားပါးတရ ကျေးဇူးတင်စကားပြောကြားပါသည်။
တကယ်လည်း ကြို့ကုန်းရွာ ပန်းတော သမဝါယမအသင်းသား လယ်သမားကြီး ပြော သလိုပင် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ အမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုးအပြင် သဘာဝမြေဩဇာအမျိုးမျိုးကို တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသောတန်ဖိုးကို သီးနှံပေါ်ဆပ်စနစ်ဖြင့် ဖြန့်ဝေပေးခဲ့သည်။ ထို့ကြောင့် လယ်သမားများ အနေဖြင့် သွင်းအားစုအတွက် မပူပင်ရတော့။ လယ်ထဲတွင် အချိုးကျအသုံးပြုနိုင်ကြသဖြင့် စပါးအထွက်တိုးသည်ကို လက်တွေ့ခံစားရပြီဖြစ်သည်။
“ကျွန်တော်တို့ ကြို့ကုန်းရွာက ပန်းတောသမ အသင်းဝင် လယ်သမားတွေကို မြို့နယ်သမဝါယမ ကနေ ဓာတ်မြေဩဇာအမျိုးမျိုးရရှိမယ့် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပေးပါတယ်။ လယ်သမားတွေ ကိုယ်တိုင်စပါးစိုက်ပျိုးရေးမှာ အသုံးဝင်မယ့် ဓာတ်မြေဩဇာကို စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပြီး ဈေးနှုန်းကိုလည်း ဈေးကွက်ထဲက ဈေးနှုန်းထက် မပိုတဲ့နှုန်းထားနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပြီး လယ်ယာလုပ်ငန်းရှိရာ ရွာကိုအရောက်ပို့စနစ်နဲ့ ဖြန့်တာပါ။ စပါးပေါ်တဲ့အချိန်တစ်ကျပ်တိုးနဲ့ တွက်ပြီးဆပ်ရပါတယ်၊ ပြား ၅၀ အတိုးကတော့ ကျေးရွာသမဝါယမအသင်းမှာ ဝင်ပါတယ်၊ အဲဒီ အတိုးကို အများဆန္ဒနဲ့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း တွေမှာ သုံးခွင့်ရပါသေးတယ်၊ ဘယ်လောက်ကောင်းတဲ့ စနစ်လဲဗျာ၊ ဒါကို ကျွန်တော်တို့ လယ်သမားတွေက စနစ်တကျသုံး၊ စနစ်တကျ ပေးဆပ်ကြရင် နိုင်ငံတော်စေတနာနဲ့ မြေကိုအခြေပြု၊ သမဝါယမကို အခြေခံထား၊ ပဒေသာပင် မြေကပေါက်တဲ့ ကိန်းဆိုက်ပြီပေါ့ဗျာ” ဟု ပန်းတော သမဝါယမအသင်း တာဝန်ရှိသူတစ်ဦးမှ ရှင်းပြပါသည်။
သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ကျေးရွာ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများကို အခြေခံထားကာ ရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်နှင့် အင်ဂျင်စက်အမျိုးမျိုးကို အရစ်ကျစနစ်ဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။
“အရင်ကတော့ လယ်ယာလုပ်ငန်းတွေ တိုးတက်ဖို့ငွေလိုတော့ ငွေချေးချင်တယ်၊ အခု တာဝန်ရှိသူတွေက ငွေမပေးဘူး၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အသုံးဝင်မယ့် သွင်းအားစုတွေပဲ ပေးတယ်၊ အဲဒီအစီအစဉ်ကို ကျွန်တော်ကတော့ သိပ်သဘောကျတယ်၊ ဒီလိုမဟုတ်ရင် ငွေရလိုက်တာနဲ့ ဟိုတုန်းက လယ်သမားတွေဆို ဓနိဖိုး၊ ငါးပိဖိုး ထဲ ရောက်သွားတတ်တယ်၊ အခုခေတ်ကာလဆိုတော့ ဖုန်း၊ ဆိုင်ကယ်ဖိုးထဲ ရောက်သွားကြတာ များမှာပေါ့ဗျာ၊ အခုတော့ လယ်ထဲသုံးဖို့ပစ္စည်း လက်ထဲရောက်တော့ စပါးအထွက်တိုးတာပေါ့ဗျာ၊ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လယ်သမားတွေနဲ့ တွေ့ဆုံ တိုင်း ပန်းတိုင်းအထွက်နှုန်းရောက်ဖို့နဲ့ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်ဖို့ တိုက်တွန်းညွှန်ကြားတယ်၊ တကယ်လည်း ကျွန်တော်တို့အနေနဲ့ ဒီလိုပံ့ပိုးတဲ့ သွင်းအားစုပစ္စည်း အသုံးချလိုက်တော့ ပန်းတိုင် အထွက်နှုန်းကျော်သွားတယ်” ဟု ကြို့ကုန်း ကျေးရွာမှမိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ သီးနှံများကို သုံးသီးစိုက်ပျိုးသည့် တောင်သူလယ်သမားတစ်ဦးမှ သူ့အတွေ့အကြုံကို ရှင်းပြပါသည်။
တကယ်လည်း ကြို့ကုန်းကျေးရွာမှ တောင်သူ လယ်သမားအများစုမှာ သွင်းအားစုများကို မှန်ကန်စွာ ပြည့်ပြည့်ဝဝအသုံးပြုခဲ့သဖြင့် ယခင်ကာလက အကောင်းဆုံးစပါးအထွက်နှုန်း တင်း ၆၀/၇၀ ထက်ကျော်လွန်ကာ မိုးစပါးတစ်ဧက တင်း ၁၀၀ ကျော်အထိ ထွက်ရှိလာကြပြီဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်၏ တောင်သူလယ်သမားများ ဘဝမြှင့်တင်ရေးအတွက် ထားရှိသည့်စေတနာ၊ ဘဏ္ဍာငွေစီမံပေးမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ် ဆောင်ရွက်ပေးမှု၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ကွက်ပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု နှင့်အတူ တောင်သူလယ်သမားအများစုမှ လိုက်နာဆောင်ရွက်ကြိုးစားမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်းက မျက်မြင်သက်သေပင် ဖြစ်တော့၏။
ထိုသို့ လူမှုဘဝတိုးတက်လာခြင်း၏ အခြေခံအကြောင်းအရာများမှာ ကုန်စည်ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာလုပ်ငန်း ဝယ်/ဖြန့်စနစ်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုအချက်များသည် သမဝါယမစနစ်တွင် ပါဝင်သောအချက်များပင်၊ စုပေါင်းဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စည်းကမ်း တကျ ဆောင်ရွက်ခြင်းအကျိုးများပင်ဖြစ်၏။
ဆောင်ပုဒ်နှင့် တစ်ထပ်တည်းကျ
ထို့ကြောင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ် ဆောင်ပုဒ်မှာ Cooperatives Build a Better Future for All အနာဂတ်ဘဝပိုမိုကောင်းမွန်ရေးသမဝါယမက ဆောင်ရွက်ပေးဆောင်ပုဒ်နှင့် တစ်ထပ်တည်း ကျနေပြန်သည်။ နိုင်ငံတော်အစိုးရ ၏ တောင်သူလယ်သမားနှင့်များစွာ သက်ဆိုင် သော၊ အကျိုးရှိသော၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် တောင်သူလယ်သမား၏ အနာဂတ် ဘဝကို ပိုမိုကောင်းမွန်ရေးအတွက် ပန်းတိုင် ရောက်အောင်ပို့ဆောင်ပေးသည့် လမ်းသစ်ကြီး တစ်ခုသဖွယ်ဖြစ်နေပါတော့၏။
ထိုရန်ပုံငွေများကိုလည်း စနစ်တကျ၊ အကျိုးရှိရှိ အကောင်အထည်ဖော်ရန် ဗဟိုလုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှု ကော်မတီများမှ ကြီးကြပ်ဆောင်ရွက်နေကြသည်။ ထိုမှသည် မြို့နယ်များတွင်လည်း ဝယ်ကြိတ်တင်ပို့ ကြိတ်ခွဲသူများ အစုအဖွဲ့၊ သွင်းအားစု ဖြန့်ဖြူးပေး သူ၊ သမဝါယမအသင်းများဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ကာ တောင်သူလယ်သမားများနှင့် မိတ်ရင်းဆွေမွန်သဖွယ်ပေါင်းစပ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကြောင့် ရလဒ် ကောင်းများရရှိခြင်းဖြစ်သည်။
စာရေးသူသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသော လယ်သမားတစ်ဦးဖြစ်သလို၊ မိမိကျေးရွာ ပန်းတောစိုက်ပျိုးမွေးမြူရေး၊ သမဝါယမ အသင်း၏ ဒုဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့်မိမိမှစ၍ မိမိကျေးရွာ၊ မိမိမြို့နယ်မှသည် တောင်သူလယ်သမားအားလုံး သည် နိုင်ငံတော်မှမြစ်ဖျားခံသော နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမဦးစီး ဌာန၏ ဘတ်ဂျက်ဖြစ်သော လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက် သင့်သည်ဟု ခံယူပါသည်။
ထို့အတူ စာရေးသူနေထိုင်ရာ ရေကြည်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုသည် ဧက ၂၀၀၀ ကျော်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဧက ၃၀၀ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဧက ၂၀၀ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၏ လူမှုစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဧက ၉၀ စုစုပေါင်း ဧက ၅၉၀ ကို ညွှန်ကြားမှုများနှင့် စိုက်ပျိုးထုတ်လုပ်နေကြသည်။
ထို့အတူ စာရေးသူတို့ ကျေးရွာလေးတွင်လည်း ထိုအကျိုးရလဒ်များကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံး ချနိုင်ရေး သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော် လျက်ရှိပါသည်။ အသင်းသားများ၏ စိုက်ပျိုးရေး၊ အထူးသဖြင့် မိုးစပါး၊ ပဲအမျိုးမျိုး၊ နွေစပါးများကို လည်း သမဝါယမအသင်းအနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် ပံ့ပိုးပစ္စည်းများ အချိန်မီဆောင်ရွက်ပေးခြင်း၊ ဆွေးနွေးခြင်း၊ ပညာပေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော တာဝန်ရှိလူကြီးမင်းများ၏ ညွှန်ကြားမှုများကို လိုက်နာဆောင်ရွက်ခြင်းကြောင့် သီးနှံအထွက်တိုး၊ ပန်းတိုင်ရည်မှန်းချက် ရောက်ရှိနေခြင်းဖြစ်ပါသည်။
ထိုရလဒ်များကြောင့် အသင်းသားများ၏ ဘဝအနာဂတ်ပိုမိုလှပလာပြီဖြစ်ရာ တောင်သူ လယ်သမားအားလုံးသည်လည်း ကောင်းမွန်သော နမူနာများကိုယူ၍ အလျင်အမြန် အနာဂတ်ဘဝ ပိုမိုကောင်းမွန်ပါစေ၊ ကျေးလက်ဒေသများတွင် အခြေခံကျကျဆောင်ရွက်ပေးမည့် ကျေးရွာသမဝါယမအသင်းများ ရှင်သန်၊ တိုးတက်၊ ဖွံ့ဖြိုး ပါစေကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (၁၀၂) နှစ် မြောက် အခါသမယတွင် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ ။