၃၀ ဇန်နဝါရီ
မြန်မာနိုင်ငံ၌ စပါးနှင့်ဆန်များ၏ အစိုဓာတ်ကို တိုင်းတာစစ်ဆေးပေးမည့် ပိုမိုကောင်းမွန်တိကျသည့် စနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ခြေလှမ်းသစ်တစ်ရပ် လှမ်းလိုက်သည်ကို တွေ့ရှိရပါသည်။ အဆိုပါ ခြေလှမ်းသစ်ကို လက်တွဲ ချိတ်ဆက်လှမ်းလိုက်သည့် အဖွဲ့အစည်းနှစ်ရပ်မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် ဂျပန်နိုင်ငံ Kett Electric Laboratory တို့ ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်းနှစ်ရပ်က စပါးနှင့်ဆန်များ၏ အစိုဓာတ်ကို တိုင်းတာစစ်ဆေးပေးမည့် ပိုမိုကောင်းမွန်တိကျသည့် စနစ်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဤကဲ့သို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ရခြင်း၏ အခြေခံ အကြောင်းအရင်းတစ်ရပ်သည် မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုလျက်ရှိသော အစိုဓာတ်တိုင်းကိရိယာတို့၏ စိတ်ချရမှု အရည်အသွေးကို ပိုင်းဖြတ်ရန် စံချိန်စံညွှန်းကင်းမဲ့နေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ စံချိန်စံညွှန်း ကင်းမဲ့မှုကြောင့် မည်သည့် အစိုဓာတ်တိုင်းကိရိယာတို့က စိတ်ချရသည်၊ မည်သည့်အစိုဓာတ်တိုင်းကိရိယာတို့က စိတ်မချရပါ ဆိုသည်တို့ကို မဆုံးဖြတ်နိုင်ဖြစ်ရပါသည်။ ထိုကဲ့သို့ မဆုံးဖြတ်နိုင်ရခြင်း၏ နောက်ဆက်တွဲရလဒ်သည် အစိုဓာတ်တိုင်းကိရိယာက ဖော်ပြသော အစိုဓာတ်သည် တလွဲတချော် ဖြစ်နိုင်ခြင်း ဖြစ်ပါသည်။ ဤသို့လွဲချော်ပါက တောင်သူလယ်သမားတို့ အနေဖြင့် နစ်နာဆုံးရှုံးရမည် ဖြစ်ပါသည်။
အစိုဓာတ်လွဲချော်မှုကြောင့် တောင်သူလယ်သမားတို့ နစ်နာဆုံးရှုံးနိုင်ပုံကို လယ်ယာလုပ်ငန်းနှင့်စိမ်းသော ပြည်သူတို့သိရှိနိုင်ရန် တင်ပြလိုပါသည်။ စပါးတစ်တင်း၏ စံသတ်မှတ်ချက်သည် ၄၆ ပေါင် ဖြစ်ပါသည်။ သို့သော် စပါးဝယ်ယူသော ကုန်သည်က စပါး၌အစိုဓာတ်ပါသည်ဟူသော အကြောင်းပြချက်ဖြင့် စပါးတစ်တင်းပေါင် ၅ဝ နှုန်းဖြင့် စပါးဝယ်ယူခြင်းမျိုး ဖြစ်လာနိုင်ပါသည်။ ဤဖြစ်ရပ်၌ စပါးတွင် အစိုဓာတ် ပါ/ မပါ၊ ပါပါကလည်း မည်မျှပါဝင်သည်ကိုသာ အတိအကျ တိုင်းတာနိုင်ပါက တောင်သူလယ်သမားတို့အနေဖြင့် အစိုဓာတ်ကို အကြောင်းပြု၍ ဈေးနှိမ်ခံရမည့် ဘေးကိုတားဆီးကာကွယ်နိုင်မည် ဖြစ်ပါသည်။ လက်ရှိ၌ မြန်မာနိုင်ငံတွင် အစိုဓာတ်တိုင်းတာသည့် ကိရိယာတို့ကို အသုံးပြုနေပြီဖြစ်သော်လည်း အဆိုပါကိရိယာတို့၏ စိတ်ချရမှုကို ဆုံးဖြတ်ပေးမည့် စံချိန်စံညွှန်းတို့ မရှိဖြစ်နေ၍ များစွာအခက်အခဲတွေ့ရပါသည်။ သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ အစိုဓာတ်တိုင်း ကိရိယာတို့၏ စံချိန်စံညွှန်းကို ဆုံးဖြတ်ပြဋ္ဌာန်းနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၌ နှစ်နှစ်ကြာ စီမံကိန်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုလက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ Kett Electric Laboratory က စပါးနှင့်ဆန်တို့၏ အစိုဓာတ်ကို တိုင်းတာစစ်ဆေးပေးမည့် ပိုမိုကောင်းမွန်သော စနစ်တစ်ရပ်ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ပံ့ပိုးမှုဖြင့် Baseline Survey ကောက်ယူခြင်း၊ Pilot Activitiesများ ဆောင်ရွက်ခြင်း၊ Seminar များ ကျင်းပခြင်းနှင့် သုတေသနပြုလုပ်ခြင်းတို့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လက်တွဲ၍ ၂ဝ၁၈-၂ဝ၁၉ ကာလအတွင်း ဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။ တောင်သူလယ်သမားတို့၏ ဘဝမြင့်မားရေးကို တစ်နည်းတစ်ဖုံ အထောက်အပံ့ဖြစ်စေမည့် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်းနှင့် ဤ စာချွန်လွှာ ဖြစ်မြောက်ရေးကို ပံ့ပိုးပေးခဲ့သည့် ဂျပန်နိုင်ငံအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ပံ့ပိုးမှုတို့ကို ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။