ရန်ကုန် ၁၃ ဇွန်
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် MPT Money တို့ ပူးပေါင်းမှုဖြင့် တောင်သူတို့အား မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးရာ၌ MPT Money Agent များမှတစ်ဆင့် ဝန်ဆောင်ခပေးရန် မလိုဘဲ အဆင်ပြေလွယ်ကူစွာ ချေးငွေထုတ်ယူနိုင်ရန် ဇွန် ၁၂ ရက်နေ့က ပုသိမ်ကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍသည် မြန်မာ့စီးပွားရေး၏ အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ပြီး တောင်သူတို့အနေဖြင့် ရာသီလိုက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် မိုးစပါးကို ဘဏ်ချေးငွေများဖြင့် စိုက်ပျိုးလျှက်ရှိရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူတို့လိုအပ်သော ကာလတိုချေးငွေများကို နှစ်စဉ်ချေးပေးလျှက်ရှိပြီး အဆိုပါဝန်ဆောင်မှုသည် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် MPT Money တို့ကြား ရှေ့ပြေးစီမံကိန်း တစ်ရပ်အဖြစ် ဖော်ဆောင်ခြင်းဖြစ်ရာ နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် တောင်သူများ လုပ်ငန်းလွယ်ကူမြန်ဆန်စေရန် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မိုဘိုင်းငွေကြေး ဝန်ဆောင်မှုဖြစ်တဲ့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နဲ့အတူ ပူးပေါင်းပြီးတောင်သူတွေ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေရရှိဖို့ ဒီဂျစ်တယ်စနစ် ပြောင်းလဲပြီး ကူညီဆောင်ရွက်ပေးနိုင်မှုကို MPT အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ” ဟု MPT Money ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည် ။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် စိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူပြု ဆောင်ရွက်နေသော ငွေကြေးဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဒီဂျစ်တယ်နည်းလမ်းဖြင့် ကျေးလက်ဒေသတို့တွင် ငွေသားမဲ့စနစ်သုံးစွဲမှုဖြင့် ပြောင်းလဲလာလျှက်ရှိရာ တောင်သူတို့ လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေကိုလည်း လွယ်ကူအဆင်ပြေစွာ ချေးယူနိုင်ရန် နိုင်ငံတစ်ဝန်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ခွဲများတွင်လည်း ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုလိုကိုဗစ်-၁၉ ရောဂါအချိန်ကာလမှာ တောင်သူတွေ ချေးငွေကို ဘဏ်မှာလူစူလူဝေးနဲ့ ထုတ်ယူစရာမလိုဘဲ လွယ်ကူအဆင်ပြေ ထိရောက်တဲ့ ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုနဲ့ MPT Money နဲ့ထုတ်ယူနိုင်တာဟာ တောင်သူတွေအတွက် ဝမ်းမြောက်စရာပါ” ဟု ပုသိမ်ကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဦးထွန်းထွန်းဦး က ပြောသည်။
အောင်သန်းဦး


