မုံရွာ ၂၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ကြရာတွင် ဖေဖော်ဝါရီ (၂၄) ရက်အထိ ချေးငွေအားလုံး၏ (၇၁ ဒသမ ၅၂) ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး၏ ပြောကြားချက်အရ သိရသည်။
၂၀၁၉ ခုနှစ်မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများအဖြစ် မုံရွာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းသို့ စပါးနှင့်အခြားသီးနှံမျိုးစုံ စိုက်ဧက (၂၇၈၄၅) အတွက် ငွေကျပ်သိန်း (၂၈၇၃၅.၅၀) ကို ထုတ်ချေး ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြန်လည်ပေးဆပ်တဲ့ စိုက်ပျိုးရေးစရိတ် ချေးငွေတွေကို အခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး ရုံးဖွင့်ရက်တိုင်း နံနက်(၉)နာရီကနေ နေ့လည်(၂)နာရီ အထိ ဘဏ်က လက်ခံသိမ်းဆည်းနေတယ်။ မတ်လအကုန် ဆိုရင်တော့ ဘဏ်ချေးငွေအားလုံး အကျေအလည် ပြန်လည်လက်ခံရရှိမယ်လို့ မျှော်မှန်းထားတယ်။ အခုလည်း ရာခိုင်နှုန်းအတော်များများကို လက်ခံရရှိပြီးဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာတော့ နှစ်စဉ်စိုက်ပျိုးရေး စရိတ်ချေးငွေကို တောင်သူတွေဘက်က ပြန်လည်ပေးဆပ်ဖို့ ကျန်တဲ့ငွေမရှိပါဘူး။ အပြည့်ပြန်လည်ပေးဆပ်ကြပါတယ်” ဟု မုံရွာမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာဦးဘိုစိုးက ပြောသည်။
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၉)အုပ်စုမှ တောင်သူ (၅၂၄၀)ဦးတို့၏ ပြန်လည် ပေးဆပ်မှု အနေဖြင့် ဖေဖော်ဝါရီ (၂၄) ရက်အထိ ငွေကျပ် သိန်း (၂၀၅၅၀) ကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ပြန်လည်လက်ခံ ရရှိပြီးဖြစ်ရာ ပေးဆပ်မှုရာခိုင်နှုန်းအားဖြင့် (၇၁.၅၂) ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးသော ငွေကျပ်သိန်း (၈၁၈၅.၅၀) ကို တောင်သူများမှ ဆက်လက် ပေးသွင်းလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


