နေပြည်တော် ဇူလိုင်၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများ ပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်တွင် အထွက်ကောင်း သက်လျင်စပါးမျိုးများ ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကိုကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လုပ်ကွက်ငယ် လယ်သမားအနေဖြင့် အကျိုးအမြတ်များသော တောင်သူလယ်သမား မျိုးစေ့ထုတ်လုပ်ငန်း အစုအဖွဲ့များဖွဲ့စည်း၍ မျိုးစေ့ ထုတ်လုပ်ငန်းများလုပ်ဆောင်ကြရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုနှစ် မိုးစပါးရာသီမှစ၍ မြို့နယ်အလိုက် တောင်သူများကိုယ်တိုင် ပါဝင်သည့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် စပါးအပြင် ရာသီအလိုက်စိုက်ပျိုးသည့် သီးနှံများ မျိုးစေ့ထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက် ကြရန်လိုကြောင်း၊ တဘက်မှလည်း တောင်သူများ အနေဖြင့် စပါးရိတ်သိမ်းပြီး ကျန်ရှိနေသည့် ကောက်ရိုးများ၊ ရိုးပြတ်များမီးမရှို့ပဲ မှိုစိုက်ခြင်းလုပ်ငန်းတွင် အသုံးချကြရန်နှင့် မိမိတို့ဝန်ကြီးဌာန ပညာရှင်များက မှိုစိုက်ပျိုးနည်းသင်တန်းများ မှိုမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တောင်သူအစုအဖွဲ့များ စုဖွဲ့၍မှိုမှတဆင့် ဟင်းခတ်မှုန့်လုပ်နည်း၊ ကောက်ရိုးအခြေခံ မြေဆွေး၊ တီမြေဆွေး၊ နွားစာတောင့်ထုတ်လုပ်ခြင်း၊ ကောက်ရိုးလောင်စာတောင့် ထုတ်လုပ်ခြင်း၊ ကောက်ရိုးကိုအမှုန့်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဝင်ငွေရလုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်စေရေး အတွက် နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင်ပေးရန်လိုကြောင်း၊ အဆိုပါ နည်းပညာ များကို တောင်သူများ၏ သားစဉ်မြေးဆက်အား လယ်ယာစိုက်ပျိုးသည့် နည်းများနှင့်အတူ လက်ဆင့် ကမ်းသင်ကြားပေးကြစေလိုကြောင်း။
ယနေ့ စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်မှ သက်တမ်းတူ စပါးမျိုးများ ရွေးချယ်၍ လာမည့်ရာသီတွင် ပြန်လည်စိုက်ပျိုးကြရန်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲ စိုက်ပျိုးရေးနိုင်ငံများတွင် မျိုးရွေးချယ်ခြင်းလုပ်ငန်းကို လယ်သမားများနှင့်အတူ ရွေးချယ်ဆုံးဖြတ်ခြင်းကို တွင်ကျယ်စွာဆောင်ရွက် နေခြင်းကြောင့် မိမိတို့အနေဖြင့်လည်း လယ်ယာလုပ်ငန်းနှင့် သက်ဆိုင်သည့်ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် ပိုမိုအကျိုးရှိ ထိရောက်စေရန် လယ်သမားများတင်ပြသည့် အကြံဉာဏ်များ လယ်သမားများ ပူးပေါင်းပါဝင်သည့် ဆွေးနွေးဆုံးဖြတ်ချက်များ ထည့်သွင်းဆောင်ရွက်နိုင်မှသာ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍအသွင်ကူးပြောင်း ဆောင်ရွက်ရာတွင်အားလုံးပါဝင်၍ လူထုလုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


