ပွင့်ဖြူ ၁၈ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင် ရေးအတွက် မဲဇလီရေလွှဲဆည်မှ တစ်ဆင့် တောင်မုန်းမြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေသည့် ရေလက်တံမြောင်းများ အသစ်တစ်ဖန် အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို အောက်တို ဘာ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ တို့က မြို့နယ်အတွင်း တောင်သူများ သီးနှံထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ရာသီအလိုက် သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ပြုပြင် ဆောင်ရွက်ရန် လိုအပ်နေသည့် ရေလက်တံမြောင်းများနှင့် စပ်လျဉ်းပြီး အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူလင်း က ရေလက်တံ မြောင်းများ ပြုပြင်ဆောင်ရွက်မည်ဆိုပါက ပြုပြင်ဆောင်ရွက်နေစဉ်ကာလအတွင်း စိုက်ပျိုးရေပေးဝေခြင်းကို ရပ်နားပြီး လုပ်ငန်းဆောင်ရွက် ရမည့်ဖြစ်၍ တောင်သူများအနေဖြင့် သဘောတူညီမှုရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း ၊ တောင်သူများ သဘောတူညီမှု ရရှိမှသာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးမှုအပေါ် တောင်မုန်းမြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေသည့် လက်တံ (၄)နှင့် လက်တံ(၁၃၊ ၁၄ ၊ ၁၅) ရေလက်တံမြောင်းများ အဆင့် မြှင့်တင်ပြုပြင်ဆောင်ရွက်မည်ဆိုပါက တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးရေ အပြည့်အဝ ရရှိမည်ဖြစ်၍ မိမိတို့အနေဖြင့် သဘောတူညီပါကြောင်း ၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာရှိ တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပြီး တာဝန်ရှိသူများထံ အချိန်မီ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခု လည်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ တစ်ဆင့် တောင်မုန်းမြောင်းမကြီးမှ စိုက်ပျိုးရေဖြန့်ဝေပေးနေသည့် လက်တံ(၄)နှင့် လက်တံ(၁၃ ၊ ၁၄ ၊ ၁၅)ရေလက်တံ မြောင်းများမှာ နှစ်ကာလကြာမြင့်လာပြီဖြစ်၍ အသစ်တစ်ဖန်ပြုပြင်ရန် လိုအပ်နေသည့်အတွက် တောင်သူများ ရာသီ အလိုက် သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ရေလက်တံ မြောင်းများကို ပြန်လည်အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်း ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


