တောင်သူများအကျိုးစီးပွားကို ဖော်ဆောင်ဖို့ ဖျက်အားပြင်း ငမြှောင်တောင်ပိုးကို နှိမ်နင်းစို့

စိုင်းသာလှိုင် (လိမ္မော်မြေ)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်သည် မြောက်ဘက်တွင် နမ့်ဆန်၊ နမ္မတူမြို့နယ်နှင့် အရှေ့ဘက်တွင် လားရှိုး၊ မိုင်းရယ်မြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်၊ မိုင်းကိုင်၊ ကျေးသီးမြို့နယ်နှင့် အနောက်ဘက်တွင် ကျောက်မဲမြို့နယ်တို့ တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၃၉၀ တွင် တည်ရှိပြီး ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာပေါင်း ၄၇၆ ရွာရှိပြီး လူဦးရေ ၁၅၀၁၁၁ ဦး ရှိသည်။ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး အများစုမှာ ရှမ်းတိုင်းရင်းသားများဖြစ်ကြကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။

 

လိုက်နာကျင့်သုံး

 

ယခုနှစ်တွင် တောင်သူများစိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ၌ ဖျက်ပိုးအန္တရာယ်ကျရောက်နေသဖြင့် စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြအကူအညီတောင်းခံရာ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်အေးနှင့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံနှင့် နမ္မတူမြို့နယ်များမှ မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးများက တောင်သူများနှင့် ပူးပေါင်း၍ အထွက်ကောင်းသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းများသို့ကွင်းဆင်းကာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရေး ပညာပေး ဟောပြောသည်။ ပြောင်းခင်းများအတွင်း ကွင်းဆင်းကာ လက်တွေ့ဖျက်ပိုးများ နှိမ်နင်းခြင်း စသည့်လုပ်ငန်းများကို ပြုလုပ်ခဲ့ကြသည်။

 

ယမန်နှစ်က သီပေါမြို့နယ်တွင် အစေ့ထုတ်ပြောင်း စိုက်ဧက ၅၀ဝ၀ဝ ကျော် စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ယခုနှစ် ဧက ၇၀ဝ၀ ကျော်သာ စိုက်ပျိုးနိုင်သေးသဖြင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်အေး ဦးဆောင်သော ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချောစုထွေးနှင့် သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမိုးကျော်စွာဝင်းတို့က အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံလျက် မိုးရာသီတွင်စိုက်ပျိုးမည့် မိုးစပါးသီးနှံများတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရေးနှင့် ငမြှောင်တောင်ပိုးအပါအဝင် အခြားဖျက်ပိုးများကျရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာကျင့်သုံးရမည့် နည်းလမ်းများ၊ ပိုးမွှားများ အဓိကဖျက်ဆီးသည့်အပင်များ၊ ကျရောက်ဖျက်ဆီး ရသည့်အကြောင်းအရင်းများကို ရှင်းလင်းဆွေးနွေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 

အသိပညာပေးဆွေးနွေး

 

အဆိုပါ ဖျက်အားပြင်းငမြှောင်တောင်ပိုး၏ မူရင်းဒေသမှာ အမေရိကတိုက်မှ အစပြုပြီး မုန်တိုင်းလေကြောင်းများဖြင့် ပျံ့နှံ့ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အာဖရိကနိုင်ငံများ၊ ၂၀၁၈ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံရှိ ပြောင်းခင်းများတွင် ကျရောက်လာပြီး နိုဝင်ဘာလမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ပြောင်းခင်းများတွင် ကျရောက်ခဲ့ကြောင်း၊ ငမြှောင်တောင်ပိုးသည်ပြောင်းနှင့် အဓိကသီးနှံများဖြစ်သော စပါး၊ ပြောင်း၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် သီးနှံများအပါအဝင် သီးနှံမျိုးပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ ၁၀ဝ အထိ ပျံသန်းနိုင်စွမ်းရှိကြောင်း မှတ်တမ်းများရှိခဲ့ရာ ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်းမရှိလျှင် သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင်သည့် ဖျက်ပိုးဖြစ်ကြောင်းနှင့် ငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်း၊ ဖျက်ကောင်များ၏ အလေ့အထ၊ ကျရောက်ပုံဓလေ့၊ စားသောက်ဖျက်ဆီးပုံ၊ ဖျက်ဆီးမှုလက္ခဏာ၊ ကာကွယ်နှိမ်နင်းနည်းများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်အေးက တောင်သူများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

 

Fall Army Worm (FAW) ငမြှောင်တောင်ပိုးသည် အရွက်အချွန်အပင်ရှည်မျိုးစိတ် ၈၀ ခန့်တွင် ကျရောက်ပြီး ပြောင်းမျိုးကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ ပျံ့နှံ့မှုအား အလွန်ကောင်းသည့် မျိုးဆက်ဖြစ်ပြီး ၁၇၉၇ ခုနှစ်မှ ယနေ့အထိ သက်တမ်းနှစ် ၂၀ဝ ကျော်ရှိပြီဖြစ်ကာ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိနေသဖြင့် နှိမ်နင်းရခက်သည့် ပိုးဖြစ်သကဲ့သို့ သီးနှံများ၏ အသီးအရွက်အပွင့်မျိုးစုံကို စားသောက်အသက်ရှင်နိုင်သဖြင့် ဒေသအတွင်း ခြိမ်းခြောက်မှုကြီးမားသော ပိုးဖြစ်ကြောင်း။

 

ငမြှောင်တောင်ပိုးမတစ်ကောင်သည် ညတစ်ညအတွင်း ကီလိုမီတာ ၁၀ဝ ကျော် (မိုင်ပေါင်း ၆၀) ဝန်းကျင်တွင် ပျံသန်းနိုင်ပြီး လေတိုက်နှုန်း၊ လေတိုက်ရာလမ်းကြောင်းအရ ဖြစ်ပွားနိုင်ခြေများကြောင်းနှင့် အမြဲဖြစ်နိုင်ခြေ ရှိသော ပိုးအမျိုးအစားအဖြစ် ပါဝင်နေပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွက် အသစ်အဆန်းဖြစ်နေသဖြင့် ဘက်စုံပိုးမွှားကာကွယ်ရေးနည်းလမ်းများနှင့်အတူ ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများကို အသုံးပြုကာ ရောဂါပိုးကျရောက်မှုကို အထူးအလေးထား ကာကွယ်ရန် လိုအပ်သဖြင့် ယခုလို မိမိတို့အနေဖြင့် ကွင်းဆင်းပညာပေးမှုများ ဆက်တိုက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဖြင့် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချောစုထွေးနှင့် သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမိုးကျော်စွာဝင်း တို့က ဆက်လက်ပြောပြသည်။

 

“ယခုကျတဲ့ပိုးက ဖျက်အားပြင်းတာကြောင့် ပိုးသတ်ဆေးဖျန်းတော့မယ်ဆိုရင် ဆေးဖျန်းဝတ်စုံပြည့်ဝတ်ဆင်ရန် လိုအပ်သလို တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်လို့မရပါဘူး။ တစ်ကွင်းတစ်စပ်တည်းမှာရှိတဲ့ တောင်သူတွေ စုပေါင်းပြီး အားလုံးတစ်ပြိုင်တည်း ဆေးဖျန်းဖို့လိုအပ်တာကြောင့် မိမိတို့အနေနဲ့ ပညာပေး လမ်းညွှန်မှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ နောင်လာမယ့် ဆောင်းသီးနှံမှာလည်း ဆက်လက် ကူးလာနိုင်မယ့်အခြေအနေရှိတာကြောင့် အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းပြီး ပိုးနှိမ်နင်းကာကွယ်ရေးလုပ်ငန်းကို လုပ်ဆောင်ပေးနေတာပါ” ဟု မြို့နယ်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းက ဆက်လက်ပြောကြားသည်။

 

အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ

 

“တောင်သူဦးကြီးများ၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အလို့ငှာ ဖျက်အားပြင်းငမြှောင်တောင်ပိုးကို ကာကွယ်နှိမ်နင်းရာတွင် မြို့နယ်၊ ခရိုင်များသာမက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့က ပါဝင်အင်အားဖြည့်ကူညီ ဆောင်ရွက်လျက်ရှိသည်။ လောင်ခွန်ကျေးရွာ တောင်သူဦးစိုင်းကျော်ထွန်း၏ အစေ့ထုတ်ပြောင်းစိုက်ခင်း ပိုးနှိမ်နင်းရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး (လားရှိုး) ဦးမြကျော်ကလည်း ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများနှင့် ကွင်းဝန်ထမ်းများသည် ဇွန် ၁၇ ရက်က ပြောင်းစိုက်ခင်းတွင် ကျရောက်နေသော(FAW) ငမြှောင်တောင်ပိုး လောက်ကောင်နှင့် ဥမြုံများကို စုပေါင်းကာဖျက်ဆီးခဲ့ကြသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ တာဝန်ဝတ္တရားများအပြင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူရင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးမြကျော်က ပြောသည်။

 

သီပေါမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများသည် စတင်ပေါက်ပွားချိန်ဖြစ်၍ ကာကွယ်နှိမ်နင်းရန် လက်ဦးမှုရရှိခဲ့ခြင်းကြောင့် ပျက်စီးဧကမရှိခဲ့သည့် ဇွန်လကုန်အထိ အပြီးသတ်နှိမ်နင်းသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

 

သို့ဖြစ်ရာ တောင်သူများအကျိုးစီးပွားကို ဖော်ဆောင်ဖို့၊ ဖျက်အားပြင်းငမြှောင်တောင်ပိုးကို နှိမ်နင်းစို့ဟူ၍ တပ်လှန့်နှိုးဆော်လိုက်ပါသတည်း ။ ။