ထီးလင်း ၁၃ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိပြီး တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်များ၌ စက်ယန္တရားများ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လျက်ရှိကာ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်များ၌ အဆင်ပြေလွယ်ကူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ငယ်စဉ်တုန်းက အခုလို စပါးများ ရိတ်သိမ်းခြွေလှေ့ပြီဆိုရင် လူအားနဲ့ပဲ တစ်နေကုန်နင်းခြွေခဲ့ရပါတယ်။ အခုတော့ ဒီလို စပါးခြွေလှေ့စက်တွေ ဝယ်ယူအသုံးပြုလာနိုင်တော့ အချိန်ကုန် လူပန်းလဲ သက်သာတာပေါ့နော်။ အခု အသုံးပြုနေတဲ့ စပါးခြွေလှေ့စက်က ငွေကျပ် ၂၈ သိန်းကနေ ၂၉ သိန်း ဝန်းကျင်ရှိပါတယ်” ဟူ၍ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်နေ တောင်သူတစ်ဦးက ပြောသည်။

ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် မိုးစပါးစိုက်ဧက (၂၉၆)ဧကရှိပြီး တောင်သူများက မိုးစပါး ဆင်းသုခနှင့် ဧရာမင်း စပါးနှစ်မျိုးကို စိုက်ပျိုးလျက်ရှိကြရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၇၉ ဒသမ ၃၈)တင်း ထွက်ရှိလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်စည်(ပြန်/ဆက်)