ရေနံချောင်း ၁၇ ဒီဇင်ဘာ

 

စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးတွင် ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများအတွက် မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် သီးနှံပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားနှင့် မြေ၊ မျိုး၊ ပိုး ကဏ္ဍအလိုက် စိုက်ပျိုးနည်းပညာပေးသင်တန်းပေးပွဲ အခမ်းအနားတို့ ကျင်းပခဲ့သည်။

 

"မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း ယခုအချိန်တွင် မြေပဲသီးနှံ၊ ကြက်သွန်နီသီးနှံများကို ဝတ်လွတ်ကျေးရွာ၊ မာန်မြေကျေးရွာနှင့် ပင်းဝကျေးရွာအုပ်စု သပြေပင်ကျေးရွာများတွင် စမ်းသပ်ကွက်များ၊ စံပြကွက်များဖြင့် ဖြစ်ထွန်းအောင်မြင်နေမှုများ တွေ့ရှိရပြီး  အခြားကျေးရွာများကိုလည်း မြေကွက်(၁)ကွက်တည်းနှင့် အကျိုးအမြတ်များများ ရရှိနိုင်အောင် ဆောင်ရွက်ကြစေလိုပါတယ်၊ မိမိတို့စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် ပေးအပ်သောမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် သီးနှံပံ့ပိုးပစ္စည်းများကို တက်ရောက်လာကြသော တောင်သူများအနေဖြင့် နည်းစနစ်ကျကျနှင့် အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနားသို့ မတက်ရောက်နိုင်ကြသော တောင်သူများကိုလည်း ယခုသင်ကြားပို့ချမည့် မြေ၊ မျိုး၊ ပိုး ကဏ္ဍအလိုက် စိုက်ပျိုးနည်းပညာပေးသင်တန်း အတွေ့အကြုံ ဗဟုသုတများကို မိမိတို့နှင့်နီးစပ်ရာ ပြန်လည်မျှဝေ ပေးစေလိုပါတယ်" ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက ပြောသည်။

 

mdn

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် (၂)ဦးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ကျေးရွာအုပ်စု(၂၀)အုပ်စုမှ တောင်သူ(၁၀ဝ)ဦးအား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် သီးနှံပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မော်မော်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေ၊ မျိုး၊ ပိုး ကဏ္ဍအလိုက် စိုက်ပျိုးနည်းပညာများ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

 

ငြိမ်းငြိမ်းအိ

 

mdn