မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ တစ်ချိန်သောကာလက မြေကြီး က ရွှေသီးသည်ဆိုသကဲ့သို့ လယ်ယာလုပ်သား တောင်သူဦးကြီးများ သည် သီးနှံပေါ်ချိန်ရောက်သည်နှင့် လက်ထဲတွင်ငွေသီးကာ ရွှေတွဲလဲ၊ ငွေတွဲလဲနှင့် အလှူအတန်းများပြုကာ ပျော်ရွှင်ခဲ့ကြသည်။

ယနေ့ ဤသို့မဟုတ်ပြီ။ ရာသီဥတုဖောက်ပြန်မှု၊ ကုန်ထုတ်လုပ်မှုအရင်းအနှီးမြင့်မားမှု၊ မြေဆီဩဇာခန်းခြောက်မှု၊ သီးနှံဈေးကွက် မတည်ငြိမ်မှု၊ လယ်ယာလုပ်သားရှားပါးမှု စသည့်အခက်အခဲမျိုးစုံတို့ကြောင့်လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာခဲ့သည်။ အကျိုးဆက်မှာ လယ်ယာမြေများကို စိုက်ပျိုးလုပ်ကိုင်ခြင်းထက် အခြားနည်းလမ်းများဖြင့်အသုံးချလာကြသည်။ လယ်ယာစီးပွားကျဆင်းခြင်းကြောင့် လယ်ယာ လုပ်သားရှားပါးခြင်း၊ ရွှေ့ပြောင်းလုပ်သားများ ပေါ်ထွက်ခြင်း၊ သီးနှံအထွက်နှုန်း လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာသည်။ တစ်နည်းဆိုလျှင် လယ်ယာစီးပွား၌ အခွင့်အလမ်း နည်းပါးလာခြင်းဖြစ်သည်။

ထို့ကြောင့် လယ်ယာကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုပြင်ပြောင်းလဲ ကြံဆောင်ကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်ရာ သီဥတုဖောက်ပြန်မှုမှလွဲ၍ တောင်သူလယ်သမားများ လုပ်သာကိုင်သာရှိအောင် တတ်နိုင်သည့်ဘက်မှ အားပေးကူညီပေးလျက်ရှိသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ဖွဲ့ကာ ကူညီပေးလျက်ရှိသည်။ ယခုကဲ့သို့ လယ်ယာ လုပ်ငန်း အခက်အခဲရှိနေချိန်တွင် ကန်ထရိုက်လယ်ယာစနစ်သည်အထောက်အပံ့ကောင်းတစ်ခုဖြစ်ပြီး ကြိုဆိုရမည်ဖြစ်သည်။

ရပ်ရွာဒေသအခြေပြု တောင်သူလယ်သမားအစုအဖွဲ့များ ထူထောင်နိုင်ရန်မျှော်မှန်းပြီး အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ခြင်း သည် လယ်သမားတို့၏ လက်တွေ့ဘဝ ပကတိလိုအပ်ချက်နှင့် ကိုက်ညီသော အစီအစဉ်ကောင်းတစ်ခုကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ လယ်ယာထုတ်လုပ်သူ တောင်သူများ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်မည့်အလေ့အကျင့်ကောင်းနှင့် အကျိုးတူအခွင့်အရေးကို ဖော်ဆောင်နိုင်မည့်အခွင့်အလမ်းတစ်ခု ဖြစ်သည်။ တောင်သူများ၏ တစ်ယူနစ်လုပ်ကွက်မှဝင်ငွေတိုးတက်စေမှု၊ ထုတ်လုပ်မှုစရိတ် သက်သာစေမှု၊ အရည်အသွေး ကောင်းသီးနှံ ထုတ်လုပ်မှု၊ ထုတ်ကုန်အပေါ် အာမခံပေးနိုင်သော ဈေးနှုန်းရမှုစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်သည်။

အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ကို ထူထောင်ရာ တွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုအပေါ် ခိုင်မာစွာရပ်တည်မှုပြုနိုင်မည့် ဘဏ်စနစ်ထူထောင်ထားရှိရန်နှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းခြင်း ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် စနစ်တစ်ရပ် ထူထောင်စီမံဆောင်ရွက်သွားရန်ဖြစ်သည်။ ယင်းအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းဆောင်ရွက်သွားရန် လိုအပ်သည်။ ယင်းတို့သည်တောင်သူလယ်သမားများ၏ အကျိုးစီးပွား ပြန်လည်ဖြစ်ထွန်းရေးဖြစ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်သင့်သည်။ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ် ဖော်ဆောင်ခြင်းဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲတွင် လယ်ယာစိုက်ပျိုး ရေးဆိုင်ရာ အချက်အလက်များ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ကတိကဝတ်များ၊ ဖြစ်ပေါ်နိုင်သောပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နိုင်ခဲ့သည်မှာ တောင်သူလယ်သမားများ ဘဝမြှင့်တင်ရေးအတွက်ကောင်းမွန်သော ရည်မှန်းချက်များကို စတင်ဖော်ဆောင်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ယင်းအစီအစဉ်ကို သက်ဆိုင်ရာဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုအစီအစဉ်ကို တောင်သူလယ်သမားများ နားလည်သဘော ပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူလယ်သမားများ ဝင်ငွေစီးပွား လျော့နည်းနေချိန်တွင် တောင်သူလယ်သမားများ လူမှုစီးပွား ပြန်လည်မြင့်မားတိုးတက်ရေးအတွက် ယခုကဲ့သို့ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်ဖြစ်ထွန်းအောင်သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ဒေသခံတောင်သူလယ်သမားများ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ကြေးမုံ