နေပြည်တော် ၂၉ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက တောင်သူများ၏ ကျွဲ၊ နွားများ အတွက် လိုအပ်နေသော နွားစားကျက် မြက်ခင်းများကို ပိုင်ဆိုင်မှု ပုံစံ (၇) ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စားကျက်မြေသည် ကျွဲ၊ နွား တိရစ္ဆာန်များ အစာစားသုံးရန်နှင့် ကျန်းမာရေးအတွက် လွှတ်ကျောင်းရန် သီးသန့်ထိန်းသိမ်းထားရှိ ရသည့် အများဆိုင်မြေဖြစ်ပါကြောင်း၊၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟု လည်းကောင်း၊ မြေနုကျွန်းဟု လည်းကောင်း၊ သတ်မှတ်သည့်မြေများကိုဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး အဆောက်အဦနှင့် ပရဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်လို့ အဓိပ္ပာယ်သတ်မှတ်ထားသည့်အတွက် လယ်ယာမြေအဖြစ် ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(က) အရ အကျုံးဝင်သောမြေများကိုသာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင် ပြီး စားကျက်မြေများပါဝင်ခြင်း မရှိကြောင်း၊ ထိုသို့ ပုံစံ(၇)များထုတ်ပေးရာတွင် ကျေးလက်နေ ပြည်သူများအနေဖြင့် ၎င်းတို့လုပ်ကိုင်စိုက်ပျိုးလျက်ရှိသည့် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနုကျွန်းမြေများအား သက်ဆိုင်ရာ တောင်သူများမှ ပုံစံ(၁)ဖြင့် လျှောက်ထားလာပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး ခရိုင်၊ မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေး ရခြင်းဖြစ်ကြောင်း။

စားကျက်မြေတည်ထောင်လိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူးထံတွင် လျှောက်ထားပြီး လျှောက်ထားသည့် မြေသည် မည်သည့်မြေ အမျိုးအစားဖြစ်သည်ကို မိမိသက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေး မြေစာရင်းဦးစီးဌာန၊ ယခင် မြေစာရင်းဦးစီးဌာနနှင့် ကွင်းဆင်းတိုင်းတာပြီးပါက ၎င်းမြေများသည် လွှတ်တော်ကိုယ်စား လှယ်ကြီးတင်ပြသလို မြေလွတ်မြေလပ်ဖြစ်နေပါက မိမိတို့ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး Agroforestry စိုက်ပျိုးနိုင်ပါကြောင်း၊ ထို့နောက် သစ်တောမြေဆိုလျှင် Agroforestry စိုက်ပျိုးသီးနှံနှင့် သစ်တောနှင့်ရောနှောသည့် နေရာမျိုးများတွင် ခွင့်ပြုလျက်ရှိပါကြောင်း၊ သို့သော်လည်း စားကျက်မြေတစ်ခုကို တစ်ဦး တစ်ယောက်ပိုင်မဟုတ်ဘဲ ကျေးရွာပိုင်၊ ဘုံပိုင်၊ အများပိုင်အဖြစ် လျှောက်ထားမည် ဆိုပါက တင်ပြပါအတိုင်း သက်ဆိုင်ရာ သစ်တောဝန်ကြီးဌာန၊ သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကျေးရွာပိုင် စားကျက်မြေ (Pastureland) အဖြစ် သတ်မှတ်ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ သရက်ခရိုင်အုပ်ချုပ်ရေးမှူးထံတွင် လျှောက်ထားနိုင်ပါကြောင်းနှင့် အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN