မန္တလေး၊ ၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကို ဓာတ်မြေသြဇာအသုံးပြုနည်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းများကို အခမဲ့သင်တန်းပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေး၊ အစားအစာလုံခြုံစိတ်ချမှုရှိစေရေးနှင့် သီးနှံများပြည်ပတင်ပို့ရာတွင် ဓာတုဓာတ်ကြွင်းများကြောင့် စျေးကွက်ရရှိမှု အခက်အခဲများ ပြေလည်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သိရသည်။
"နိုင်ငံတကာစျေးကွက်ကို တင်ပို့တဲ့အခါမှာ ဓာတ်ကြွင်းပါဝင်မှုကြောင့် တင်ပို့မှုအခက်အခဲနဲ့ သုံးစွဲသူတွေမှာ မလိုလားအပ်တဲ့ထိခိုက်မှုမရှိအောင် အခုလိုသင်တန်းပေးတာ ဖြစ်ပါတယ် "ဟု အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။
သင်တန်းကို အွန်လိုင်းမှတဆင့်ပြုလုပ်သွားမှာဖြစ်ပြီးဂျာမနီနိုင်ငံ IHKအဖွဲ့၊မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)တို့က ပူးပေါင်းဖွင့်လှစ်သွားမည်ဟု သိရသည်။
၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အီးမေးလ် [email protected] သို့ အမည်၊ အလုပ်အကိုင်တို့ကို ဖော်ပြကာလျှောက်ထားနိုင်ကြောင်း သိရသည်။
ဖြိုးအိ


