နေပြည်တော် ဇူလိုင် ၉
မျိုးစေ့မျိုးမှန်စပါးနှံယူသည့် ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ၊ မဒန်းဆည်ရေသောက်စနစ်၊ ကွင်း အမှတ်(၁၈၀၁)၌ ကျင်းပသည်။
သရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က မျိုးကောင်းနှင့်မျိုးသန့် ထုတ်လုပ်ရေးသည် သီးနှံများအထွက်တိုး ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် များစွာအရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် ဌာန၊ ပုဂ္ဂလိကကဏ္ဍသာမက တောင်သူလယ်သမားများကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ရေးသည် များစွာအရေးကြီးကြောင်း၊ မျိုး ကောင်း၊ မျိုးသန့်မှ စပါးကောင်းမည်ဖြစ်ပြီး စပါးကောင်းမှ ဆန်ကောင်းမည်ဖြစ်သည့် အတွက် တောင်သူများ ကိုယ်တိုင်ပါဝင်သော စပါးသီးနှံမျိုးကောင်းမျိုးသန့် မျိုးပွားခြင်း လုပ်ငန်းဖွံ့ဖြိုးလာရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိ ကြောင်း၊ စပါးသီးနှံမျိုးကောင်းမျိုး သန့် မျိုးပွားခြင်း လုပ်ငန်းကို ဒေသခံတောင်သူများ လက်တွေ့ဆောင်ရွက်နိုင်စေရန်နှင့် ယနေ့ မျိုးစေ့မျိုးမှန်စပါးနှံ ယူသည့်လုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ စတင်ပြီး စပါးစိုက်ပျိုးသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် မျိုးစေ့မျိုးမှန်စပါးနှံယူသည့် ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသနေတောင်သူများက ကိုယ်တိုင်ပါဝင်၍ မျိုးစေ့မျိုးမှန်စပါးနှံများကို ရွေးချယ်ခဲ့ကြပြီး မျိုးစေ့မျိုးမှန်စပါးနှံများအသုံးပြုခြင်းဖြင့် တောင်သူများအတွက် မျိုးစေ့ဖိုး အသုံးစရိတ်သက်သာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊ ဒေသရေမြေနှင့် သင့်တော်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ အသုံးပြုရသဖြင့် စပါးအထွက်နှုန်း တိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများကို တောင်သူများ လက်တွေ့ခံစားနိုင်ကြမည်ဖြစ်သည်။
လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအားမြင့်မားလာရေးအတွက် အဓိက လိုအပ်ချက်များ ဖြစ်သည့် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေဆီသြဇာထက်သန် ကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ မှန်ကန်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ အသုံးပြုနိုင်ရေးကို ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းပေးလျက်ရှိရာ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို တောင်သူများစိုက်ပျိူးရာသီ အချိန်မီ လွယ်လင့်တကူ အသုံးပြုနိုင်ရေးကိုဌာန၊ တောင်သူနှင့်ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ သန့်စင်စက်များတည်ထောင် အသုံးပြုနိုင်ရေးနှင့် တောင်သူများ ဦးဆောင်ပါဝင်သည့် ပိုမိုအားကောင်းသော မျိုးစေ့လုပ်ငန်းများ ထွန်းကားလာရေးအတွက် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များစုဖွဲ့ခြင်း၊ မျိုးထုတ် သမဝါယမအသင်းများ ထူထောင်ဆောင်ရွက်နိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများ အသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်