ညောင်လေးပင် ၁၈ ဇွန်
တောင်သူများမျိုးစေ့ကုန်ကျမှုနည်းပါးပြီး လုပ်အားခသက်သာ၍ အထွက်နှုန်းကောင်းစေရန်အတွက် ညောင်လေးပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဇွန်လ ၁၆ ရက်နံနက်ပိုင်းက ရှမ်းရွာကျေးရွာ ကွင်းအမှတ် (၂၂၁) တောင်သူ ကိုအောင်သီဟမျိုးလယ်ကွင်း၌ မိုးစပါးကို ကောက်စိုက်စက်ဖြင့် သုံး ဧက စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာနမှ မျိုးစေ့ချစက်ဖြင့် အခမဲ့ပျိုးထောင်ပေးကာ ကောက်စိုက်စက်နှင့် စက်မောင်းသမား အသုံးပြု၍ တစ်ဧကလျင် ငွေကျပ် ၂၅၀ဝ၀ ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် စိုက်ပျိုးလိုသူ တောင်သူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက ပြောသည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသူ လယ်ရှင် ကိုအောင်သီဟမျိုး က "ကျွန်တော်တို့ မိရိုးဖလာ စိုက်ပျိုးတာက ပျိုးနှုတ်ကောက်စိုက်ခ တစ်သိန်းလောက်ကုန်တယ် အခုဒီ ကောက်စိုက်စက်နဲ့ စိုက်ပျိုး ရတာ နှစ်သောင်းခွဲပဲကုန်တယ် အလုပ်လည်းမရှုပ်ဘူး ပိုလည်းမြန်တယ်၊ ပေါင်းရှင်းလို့လည်း လွယ်တယ်၊ ကုန်ကျစရိတ်အများကြီးသက်သာတော့ အခြားတောင်သူတွေလည်း စိုက်ပျိုးဖို့သင့်တယ်" ဟု ပြောသည်။
ကောက်စိုက်စက်ကို အသုံးပြုစိုက်ပျိုးမည်ဆိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာများ ကူညီပံ့ပိုးပေးပြီး မျိုးစေ့တစ်ဧက ရှစ်ပြည်မှ ၁၀ ပြည်ခန့်သာ ကုန်ကျသဖြင့် မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ လုပ်အားခသက်သာခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ လေဝင် လေထွက် ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း စသည့်ကောင်းကျိုးများရရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


