နေပြည်တော် ဒီဇင်ဘာ ၁၆
မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တောင်သူများနှင့် မြေယာမဲ့များအားလုံးအတွက် အရင်းအနှီးစရိတ် နည်းပါးပြီး ဝင်ငွေ အကျိုးအမြတ် တိုးတက်ရရှိစေမည့် ကျေးလက်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ရေး အစီအမံများ၊ နည်းလမ်းများနှင့် ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများအလိုက် လေ့လာဆန်းစစ်ဖော်ထုတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုး မှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ စိန်ခေါ်မှုများ ကျော်ဖြတ်နိုင်ရေး၊ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး အခွင့်အလမ်းများ အဖြစ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် စီမံကိန်းဒေသများ၌ အကောင်အထည်ဖော်ထားသည့် စနစ်ကျ လယ်ယာမြေအားလုံး စိုက်ပျိုးရေ ဖူလုံစွာအသုံးပြုနိုင်ရေး၊ ရေမြောင်းများထိန်းသိမ်းရန်အတွက် ဌာနနှင့်ရေအသုံးချသူများအဖွဲ့ (WUG)တို့ ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းတွင်ပါဝင်သည့် တောင်သူများအား ပုံစံ(၇) ပြန်လည်ပြင်ဆင် ထုတ်ပေးနိုင်ရေး၊ ရေအသုံးချသူများအဖွဲ့ (WUG)သို့ တောင်သူတိုင်းဝင်ရောက်နိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသူ တောင်သူ များအားလုံး၏ သဘောတူညီချက်ရရှိရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစုများနှင့် တောင်သူများ အကျိုးတူ လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုရှိစေရန် ပွင့်လင်းမြင်သာသည့် စည်းမျဉ်း စည်းကမ်းများချမှတ်၍ ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ အဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အထ များ ဖြစ်ထွန်းလာစေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ပံ့ပိုးသွားရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)