နေပြည်တော်နိုဝင်ဘာ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာတွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးပညာရှင်များ ဦးဆောင်၍ တောင်သူများ ပူးပေါင်းပါဝင်သော စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်စိုက်ကွင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

စိုက်ကွင်းရှင်းလင်းဆောင်၌တာဝန်ရှိသူများ၊ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေးနှင့် တောင်သူများ၏ ဝင်ငွေအကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် မိမိတို့ဝန်ကြီးဌာနက မျိုး၊ မြေ၊ ရေ၊ နည်းပညာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေးပညာရှင်များ သုတေသီများနှင့် တောင်သူများ အလှမ်းကွာဝေးမှု မရှိစေပဲ အပြန်အလှန်အားကိုးယုံကြည်မှုဖြင့် ပူးပေါင်ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ ပကတိမြေပြင် အခြေအနေကိုသိရှိပြီး စိုက်ပျိုးရေး ပညာရှင်များ သုတေသီများ အပိုင်းက နည်းပညာအကြံဉာဏ်များ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးကို စီမံဆောင်ရွက်ပေးလျက်ရှိသဖြင့် တောင်သူများအပိုင်းက စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြရန်လိုကြောင်း ၊ ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တောင်သူနည်းပညာဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ မပျက်မကွက် တက်ရောက်ကြစေလိုကြောင်း၊ လူစာ၊ တိရစ္ဆာန်စာ၊ မြေစာ၊ ဂေဟစနစ်စာများ စိုက်ပျိုးကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးပညာရှင်များ သုတေသီများသည် တောင်သူများနှင့်အတူ စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ်စိုက်ပျိုးထားသည့် စိုက်ကွင်းသို့ ကွင်းဆင်း၍ မျိုးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်