တောင်သူများပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ မေ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုပ္ပသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် “တောင်သူများ ပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း” သုတေသန စမ်းသပ်ကွက်များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဥ် ဒုတိယဝန်ကြီးက မျိုးစပ်မွေးမြူထားသော စပါးသားဆက်လိုင်းများ၏ အရည်အချင်း လက္ခဏာများကို အကဲဖြတ်ခြင်း၊ စပါးမျိုးကောင်းများ ရွေးချယ်ခြင်း လုပ်ငန်းများကို စိုက်ပျိုးသူတောင်သူများကိုယ်တိုင် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဒေသမြို့နယ်အလိုက် အထွက်နှုန်းမြင့်မားသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူ ရရှိနိုင်ကြောင်း၊ မျိုးမွေးမြူရေး ဆောင်ရွက်ရာတွင် မှန်ကန်သော မိဘလိုင်းများ ရွေးချယ်နိုင်ခြင်းသည် မျိုးမွေးမြူရေး အောင်မြင်မှုအတွက် သော့ချက်များဖြစ်ကြောင်း၊ မျိုးမွေးမြူရာတွင် နည်းလမ်းများစွာ ရှိသည့်အနက် သက်တမ်း၊ အပင်အမြင့်၊ ကြီးထွားမှု အစရှိသည့် ရုပ်သွင်ပြင်လက္ခဏာ တူရာတူရာကို စုပေါင်းရွေးချယ်ခြင်းနည်းလမ်းသည် တောင်သူများ အလွယ်တကူဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်ကြောင်း၊ မျိုးစပ်မွေးမြူရေး ပညာရပ်များကို တောင်သူများ အလွယ်တကူ သိရှိနားလည်ရန် သက်ဆိုင်ရာဌာနများပူးပေါင်း၍ နည်းပညာပေးရန် လိုအပ်ကြောင်း၊ အထွက်ကောင်းရန်အတွက် တစ်ဧကပါဝင်သည့် အပင်ဦးရေ အပြည့်အဝရရှိပြီး ပင်ပွါး အပွင့် အသီး စသည့် ကောင်းမွန်သည့် အရည်အချင်းလက္ခဏာများ ပြည့်စုံမှသာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းအထက် ရရှိသော တောင်သူဦးရေ တိုးတက်များပြားအောင် လုပ်ဆောင်ကြရန်နှင့် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော မျိုးစပ်မွေးမြူသည့် ပညာရပ်များကို တောင်သူအကြိုက် မျိုးများဖြင့် စမ်းသပ်လုပ်ဆောင်ကြရန်လိုကြောင်း၊၊

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တတ်မြောက်သည့် နည်းပညာရပ်များ၊ အသိပညာများကို တောင်သူများထံ ဖြန့်ဝေပေးသကဲ့သို့ တောင်သူကြီးများ တက်မြောက်ထား သည့် မိရိုးဖလာဗဟုသုတများ၊ အတတ်ပညာများကိုလည်း ပူးပေါင်းဖလှယ်သွားကြရန်လို ကြောင်း၊ တောင်သူများအစုအဖွဲ့များ ဖွဲ့စည်း၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အလိုက် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ အလားတူ တောင်သူများ၏ စက်ကိရိယာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးကို သက်ဆိုင်ရာ ဌာန တာဝန်ရှိသူအနေဖြင့် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားသည်။

“တောင်သူများ ပူးပေါင်းပါဝင်သော စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း” သုတေသန စမ်းသပ်ကွက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များတွင်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်