နေပြည်တော်၊ ဩဂုတ် ၄
နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင် အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက (၄၃) ကြိမ်မြောက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များ သုတေသီများ နှင့် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်မှ တောင်သူ ၂၅ ဦး တက်ရောက်၍ သစ်စိမ်းမြေဩဇာ အမျိုးမျိုး၏ မြေဆီလွှာနှင့် သီးနှံအပေါ် အကျိုးသက်ရောက်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူ ၅၀ က အွန်လိုင်းစနစ်ဖြင့် တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မြေဆီလွှာသိပ္ပံသုတေသနဌာနစု သုတေသနမှူး ဒေါက်တာနီနီတင့်က သစ်စိမ်းမြေဩဇာအမျိုးမျိုး၏ မြေဆီလွှာနှင့် သီးနှံအပေါ် အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းမှုများကို အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက လုပ်ကွက်ငယ် တောင်သူလယ်သမားအနေဖြင့် မိမိတို့ပိုင်ဆိုင် လုပ်ကိုင်ရသည့် လယ်ယာမြေ၏ မြေဆီလွှာကျန်းမာရေးနှင့် မြေဆီဩဇာထက်သန် ကောင်းမွန်စေရေးကို ဂရုတစိုက်ဆောင်ရွက်နိုင်မှသာ ဝင်ငွေခိုင်မာမှုရှိစေမည့် သီးနှံအထွက်ကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းအသုံးပြုနိုင်ပါက စိုက်ပျိုးမြေ ကျန်းမာရေး နှင့် မြေဆီဩဇာထက်သန်မှုကို များစွာအထောက်အကူပြုစေနိုင်သဖြင့် ရာသီလှည့်သီးနှံပုံစံတွင် သစ်စိမ်းမြေဩဇာသီးနှံများ၊ မြေဖုံးသီးနှံများကို ထည့်သွင်းနိုင်ရေး ဒေသအလိုက် သီးနှံစိုက်ပျိုးမှု ရာသီအချိန်ဇယားများ စနစ်တကျရေးဆွဲ ဆောင်ရွက်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် အကြီးမြန်ဆွေးမြေ့လွယ်၍ သစ်စိမ်းဒြပ်ထု အထွက်များများရရှိသော အပင်မျိုးများ ကြဲပက်စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေးပြီး မြေဆီအာဟာရဓာတ် ဖြည့်တင်းပေးသော သဘာဝ မြေဩဇာ အသုံးပြုခြင်းကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးတင်ပြကြရာဆွေးနွေးပွဲ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


