နေပြည်တော် ဖေဖော်ဝါရီ ၂၄
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သုတေသီများနှင့် တောင်သူလယ်သမားများ ပါဝင်သော တောင်သူနည်းပညာဆွေးနွေးပွဲများ (Farmers’ Technical Forum) ကို အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိရာ (၂၆)ကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသဦးစီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
(၂၆)ကြိမ်မြောက် ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က မွေးမြူ ရေးလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်နေပြည်သူများအတွက် အရင်းအနှီးအနည်းဆုံး နှင့် မိသားစုဝင်ငွေရရှိစေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဆိတ်၏ သဘာဝအရ အကြမ်းခံနိုင်ပြီး အစာမရွေးစားသောက်တတ်သဖြင့် စားကျက်ဒေသမရွေး ကောင်းစွာမွေးမြူနိုင်ကြောင်း၊ မျိူးအောင်မြင်မှုနှုန်း ကောင်းမွန်၍ ကောင်ရေတိုးပွားနှုန်းလည်း အလွန်မြင့်မားသဖြင့် ကျေးလက်နေပြည်သူများအတွက် အာမခံချက်ရှိသည့် ဝင်ငွေ ရလုပ်ငန်း ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်စာရင်းဇယားများအရ သိုး ဆိတ် ကောင်ရေကျဆင်း လာသည်ကိုတွေ့ရှိရကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် သိုးဆိတ်များတွင်ဖြစ်တတ်သည့် ကူးစက်ရောဂါများ၊ ကပ်ပါးရောဂါများကို စနစ်တကျကာကွယ်ပြီး စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြရေးအတွက် ပညာရှင်များနှင့် တောင်သူများ အကောင်းဆုံး နှီးနှောဖလှယ် ဆွေးနွေးကြပြီး မွေးမြူရေးတောင်သူများ၏ အကျိုးစီး ပွားဖြစ်ထွန်းရေး၊ အသားထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပပို့ကုန် အဖြစ်တိုးမြှင့်နိုင်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ကြိုးပမ်းရာတွင် တောင်သူနှင့် ပညာရှင်ကြား ကွပ်လပ်မရှိ ထိတွေ့ရန်လိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
တွေးနွေးပွဲသို့ဇေယျာသီရိမြို့နယ်မှ တောင်သူများ (၇၀)ခန့်တက်ရောက်၍ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်သက်စိုး က သိုး ၊ ဆိတ်မွေးမြူရေး ခေါင်းစဉ် ဖြင့် လည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန မှ ဒေါက်တာဆောဘောမ် က သိုး ၊ ဆိတ် မွေးမြူရေးနှင့် ကပ်ပါးရောဂါအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းချက်တင်ပြချက်နှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြေကြားဆွေးနွေးသည်။
ယင်းနောက်ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် လက်တွေ့စိုက်ကွင်းတွင် ဆောင်ရွက်ထားရှိသည့် ဆင်းရွှေကြာ ၂ နေကြာမျိုးကို ဖီနိုတစ်ပစ် ရီကားရင့်မက်စ် ဆလက်ရှင်(Phenotypic Recurrent Mass Selection) နည်းဖြင့် မျိူးမြှင့်တင်ခြင်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုပြီး နေကြာပန်းခိုင်အရွယ် အစား၊ ပန်းခိုင် တစ်ခုတွင်ပါဝင်သည့် အောင်မြင်သော အစေ့အရေအတွက် ၊ ပင်စည်၏ တောင့်တင်းခိုင်မာမှု အစရှိသည့် ရုပ်သွင်ပြင် လက္ခဏာများကို အခြေခံ၍ မျိုးရွေးချယ်ခြင်း နည်းလမ်းများနှင့်ပတ်သက်၍ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသားများကို ရှင်းလင်းပြောကြားသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူလျက်ရှိကြသော ဘွဲ့ကြို ဘွဲလွန် သင်တန်း သားများအနေဖြင့် သဘာဝအတိုင်း ပင်ခြားဝတ်မှုန်ကူးသည့် နေကြာသီးနှံကို မျိုးရွေးချယ်ခြင်းနှင့် မျိုးမြှင့်တင်ခြင်း ဆောင်ရွက်မှုများကို လက်တွေ့သင်ယူ လေ့လာနိုင်ကြစေရန်ရည်ရွယ်၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်