၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၀ ပြည့်နှစ် မေလ(၁၅) ရက်နေ့မှစ၍ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများတွင် ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။ ယင်းသို့ ထုတ်ချေးရာတွင် ၁ ဧက ချေးငွေ နှုန်းထားမှာ ယခင်နှစ်အတိုင်း ၁ ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်း ဖြစ်ပါသည်။ တောင်သူများ အတိုးနှုန်း သက်သာစွာရရှိခံစားနိုင်စေရန် ယခင်နှစ် ချေးငွေအတိုးနှုန်း ၁ နှစ် ၈% (အစား) ယခု ချေးငွေမှစ၍ ၁ နှစ် ၅% သာ သတ်မှတ်ပါသည်။ ချေးငွေဟောင်းပေးဆပ်ပြီးသူများကိုသာ ချေးငွေသစ် ထုတ်ချေးမည် ဖြစ်ပါသည်။
၂။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နေသည့်ကာလဖြစ်၍ ချေးငွေပေးဆပ်သူ တောင်သူ များအဆင်ပြေစေရန် ၂၀၁၉ မိုးချေးငွေ ပေးဆပ်မှုကိုလည်း ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ တိုးမြှင့် လက်ခံမည်ဖြစ်ပြီး မေလကုန်ထိ ပေးဆပ်သူ တောင်သူများကို ဒဏ်တိုးကောက်ခံခြင်းမှ ကင်းလွတ် ခွင့်ပြုမည်ဖြစ်ပါသည်။
၃။ ချေးငွေများ စနစ်တကျ ထုတ်ချေးနိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထားပါသည်-
(က) ဧရိယာကျယ်ဝန်းသော ဘဏ်ခွဲများတွင် သက်ဆိုင်ရာ ဘဏ်ခွဲများ၌ ထုတ်ချေးပါမည်။ ဧရိယာကျဉ်းသော ဘဏ်ခွဲများတွင် မြို့နယ်ခန်းမ၊ စာသင်ကျောင်းစသည့် သင့်လျော်သည့် နေရာများတွင် ထုတ်ချေးမည်ဖြစ်ပါသည်။
(ခ) သွားလာရန် ကန့်သတ်ထားသောဒေသများတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်း၍ မြို့နယ်ခွဲနှင့် တိုက်နယ်အထိ ကွင်းဆင်းထုတ်ချေးရန် လိုအပ်က ထုတ်ချေးပါမည်။
(ဂ) ချေးငွေလာရောက်ထုတ်ယူသူ တောင်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိနှင့် အများပြည်သူ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
၄။ တောင်သူများအနေဖြင့် Mobile Payment စနစ်ကို အသုံးပြု၍ ချေးငွေရယူလိုပါက နယ်မြေ ဒေသအခြေအနေအရ Mobile Financial Services ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ် ပါသည်။
၅။ သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေဖြင့် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများသို့ အချိန်မီဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန


