တောင်တွင်းကြီးမြို့နယ် အဝင်အထွက်ဂိတ်များတွင် Covid 19 ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစိစစ်မှုများပြုလုပ်

တောင်တွင်းကြီး   ၃၁   မတ် 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် Covid 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တောင်တွင်းကြီးမြို့သို့ ဝင်ရောက်လာသော ခရီးသည်တင်ကားများအား သက်ဆိုင်ရာဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများကို ယနေ့နံနက် ၂ နာရီက ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ပရပ်ကြယ်စစ်ဆေးရေး ဂိတ်၊ ဆတ်သွားစစ်ဆေးရေးဂိတ်၊ ဘိုကုန်းစစ်ဆေး ရေးဂိတ်၊ ခင်တဲစစ်ဆေးရေးဂိတ်တို့မှ ဝင်ရောက်လာသည့် ခရီးသည်များအားကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းမေးမြန်းခြင်း၊ မြို့နယ်အတွင်းနေထိုင်သည့်လိပ်စာများအား မှတ်သားထားခြင်း၊ သက်ဆိုင်ရာကျေးရွာများအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများက လာရောက်ခေါ်ဆောင်ပြီး မိမိတို့ရွာရှိစောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)