မကွေး၊ ၃ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကိုဗစ်−၁၉ ကာလအတွင်း ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးရေး အဖွဲ၏ စစ်ဆေးခံရန် ခေတ္တပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အတွက် သဘာဝဘေးအန္တရာယ် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ဖေဖော်ဝါရီ ၃ ရက် နံနက် (၁၀)နာရီက ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်အိအိသွယ်က တောင်တွင်းကြီးမြို့နယ် ကံလှသကြားစက်ရုံမှ အာမခံအလုပ်သမား (၂၀၇)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် ၉၆၈၀၀၀၀ ကျော်ကို စက်ရုံမှူး ဦးကျော်အောင်ထံ ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး လူမှုဖူလုံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်−၁၉ကာလအတွင်း အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင် (၄၆)ဦး မကျန်းမာမှုအတွက် ထောက်ပံ့ငွေကျပ် ၁၀၁၇၀၀၀၀ ကျော်၊ Quarantine ဝင်ရောက်လျက်ရှိသည့် အာမခံအလုပ်သမား (၁၁၇)ဦး မကျန်းမာမှုအတွက် ထောက်ပံ့ငွေကျပ် ၆၅၃၀၀၀၀ ကျော်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၇၁)ခုမှ အာမခံ အလုပ်သမား (၁၄၇)ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀ ရာခိုင်နှုန်း) ငွေကျပ် ၆၃၅၀၃၇၈၀ လူမှုဖူလုံရေးထောက်ပံ့ကြေး စုစုပေါင်းငွေကျပ် ၈၀၂၀၃၇၈၀ ကို ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေးထုတ်ပေးရန် ကျန်ရှိသည့် (၂၀)ဌာနကိုလည်း ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်က ပြောသည်။
လူမှုဖူလုံရေး ထောက်ပံ့ကြေး လက်ခံရရှိသည့် တောင်တွင်းကြီးမြို့နယ် ကံလှသကြားစက်ရုံမှ စက်ရုံမှူး ဦးကျော်အောင်ကလည်း “နိုင်ငံတော်က အစိုးရရုံးပိတ်ရက် သတ်မှတ်လိုက်တဲ့ အခါမှာ ဝန်ထမ်း (၂၀၇) ဦးအတွက် နစ်နာကြေး လစာရဲ့(၄၀ ရာခိုင်နှုန်း) ရက်(၂၀)စာ လူမှုဖူလုံရေး ထောက်ပံ့ကြေး ရရှိပါတယ်။ ရာထူးအဆင့်အလိုက် ပြန်လည်ထုတ်ပေးသွားမှာဖြစ်ပြီး ဝန်ထမ်းများရဲ့ ကျန်းမာရေး၊ လူမှုရေး အခက်အခဲ ဖြစ်နေချိန်မှာ ထောက်ပံကြေးရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြောသည်။
ကိုသက်(အထက်မင်းလှ)


