တောင်တွင်းကြီး၊ ၁၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကင်ပွန်းတောင်ကျေးရွာအုပ်စု၊ ငါးခုံးမကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အဝီစီစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ငါးခုံးမကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လေးလက်မ အနက်ပေ ၈၀၀ ရှိ အဝီစိစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တစ်ခု၊ အလျား ၁၀ ပေ x အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မူလခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများစုဖွဲ့၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ပြောပြသည်။
အဆိုပါကျေးရွာတွင် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၇၃ အိမ်မှ လူဦးရေ ၃၀၈ ဦးတို့အပြင် ကျွဲ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်၏ ပြောပြချက်အရ သိရသည်။
ငြိမ်းသူ(စလင်း)


