တောင်တွင်းကြီး ၂၁ နိုဝင်ဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ ဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)အား ကျေးရွာ၂၀တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၂၀ မှာ ခင်တဲ၊ ကျောင်းကုန်း၊ ပေါက်ကုန်း၊ ဂုံပင်၊ ရေပြား၊ ရွာသာ၊ ကသာ၊ ချင်းညောင်ပင်သာ၊ နတ်ရွာ၊ ဆီမီးထွန်း၊ ရွာတော်(မြောက်)၊ ရွာတော်(တောင်)၊ ရေပြည့်၊ စမုံ ရွာသစ်၊ ကံဦး၊ ဂွေးတောက်ကုန်း၊ သရက်စု၊ မင်းဝင်း၊ လမိုင်း၊ လယ်ပြင်သာ ကျေးရွာများဖြစ်သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ကျေးရွာများရွေးချယ်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာ ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ဆက်လက် ပြောပြ၍သိရသည်။
ငြိမ်းသူ


