တောင်တွင်းကြီး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ၂၀၂၂ ခုနှစ် မိုးနှင့် ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း (၁၈၁၆၂)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို အဓိကအားထားစိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ် ကုန်ကျမှုနည်းပါးသော နေကြာသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး၊ ပြည်ပစားသုံးဆီ တင်သွင်းရောင်းချမှု/သုံးစွဲမှု လျော့ချစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ် စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူတစ်ဦးချင်းအလိုက် ဝင်ငွေတိုးတက်စေရေးတို့အတွက် ၂၀၂၂ ခုနှစ်၊ မိုးနှင့် ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း ၁၈၁၁၉ ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် နေကြာသီးနှံကို သီးညှပ်စိုက်ပျိုးမည့် တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဧကလျှင် တစ်ပြည်နှုန်းဖြင့် မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ခင်မျိုးအေးက ပြောသည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးနှင့် ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို (၄၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် (၄၇၅၇)ဧကနှင့် ဆောင်းရာသီတွင် (၁၃၄၀၅)ဧက စုစုပေါင်း (၁၈၁၆၂)ဧကအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဝင်း(ပြန်/ဆက်)